စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးကျေးရွာအုပ်စု ရွှေကျောင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးတယောက် သေဆုံးသွားပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ်အတွင်း ထမင်းချက်နေတဲ့ အမျိုးသမီး ကျည်ဆန်ထိမှန်ခဲ့တဲ့အတွက် သြဂုတ် ၁၆ ရက် မနက်ပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ကြာင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “စစ်တပ်က လက်နက်ကြီးကျည်နဲ့ ပစ်နေတာ အချက်ရေမနည်းဘူး။ ကျည်ထိတာက ၁၅ ရက်နေ့ ညနေပိုင်းက ထိတာ။ သူ့ဘာသာသူ အိမ်ထဲ ထမင်းချက်နေတာ ကျည်က ပေါင်လာမှန်တယ်။ အဲ့ဒါနဲ့ ဆေးရုံတင်ထားတာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်” လို့ ပြောပါတယ်။
ရွှေကျောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ခဲ့တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးကို ဗန်းမောက်မြို့နယ်ဆေးရုံ ပို့ဆောင်ခဲ့ပြီး ခွဲစိတ်ကုသဖို့ စီစဉ်ဆောင်ရွက်နေစဉ် သေဆုံးသွားတာပါ။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း ပင်ဟင်းခါးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေလို့ ဆိုင်ကယ်နဲ့ စစ်ဘေးရှောင်သူ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အမျိုးသားသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။