ရန်ကုန်-မန္တလေး ကုန်တင်ရထားတစင်း ပဲခူးမြို့နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ တိမ်းမှောက်ခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေထံက သိရပါတယ်။
ဩဂုတ် ၁၈ ရက် မနက် ၉ နာရီမှာ ပဲခူးမြို့နယ်အတွင်း ဖြတ်သန်းခုတ်မောင်းချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ကုန်တင်ရထားဖြစ်တဲ့အတွက် လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ ဆိုပါတယ်။
မီးရထားဝန်ထမ်းတဦးက “ကုန်တင်ရထားပါ၊ နောက်တွဲတွေ အတော်များများ လဲကုန်တယ်။ ခေါင်းတွဲတော့ မလဲဘူး။ ထိခိုက်ပျက်စီးမှုတော့ များတယ်။ ရထားလမ်းလည်း ပျက်စီးနေတယ်။ ကုန်တင်ရထားဖြစ်တဲ့အတွက် ခေါင်းတွဲဘက်မှာပဲ ဝန်ထမ်းတွေရှိတာ။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပေမဲ့ မီးရထားနောက်တွဲပေါ်က ကုန်ပစ္စည်းတွေ ပျက်စီးမှုရှိခဲ့ပြီး ကွန်တိန်နာတွေလည်း ပြုတ်ကျခဲ့ကာ မီးရထားလမ်းပိုင်း သံလမ်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဘက်မှ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ကုန်တင်မီးရထား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သံလမ်းတွေပျက်စီးခဲ့လို့ အဲ့ဒီမီးရထားလမ်းပိုင်းကို ပြန်လည်ပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် အခုရက်ပိုင်းအတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း ခရီးစဥ်ေတွကို ပိတ်ထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ မသိရသေးဘဲ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးဘူတာနဲ့ ပဲနွယ်ကုန်းဘူတာ မီးရထားလမ်းပိုင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရထားလမ်းပိုင်း ပျက်စီးခဲ့လို့ ခရီးစဉ် တချို့လည်း ရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။
Photo - CJ