မြန်မာနိုင်ငံမှာ ကျင်းပမယ့် တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS TOPIK) အတွက် အလုပ်သမား ၁၅၀၀၀ ကျော် ဖြေဆိုခွင့်ရရှိတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ကြေညာပါတယ်။
အဆိုပါ စာမေးပွဲကို တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်နဲ့အထက် တရားဝင်သွားရောက်လုပ်ကိုင်ခဲ့ပြီး မြန်မာပြည် ပြန်လည်ရောက်ရှိနေတဲ့ အလုပ်သမားတွေအတွက် ရည်ရွယ်ကျင်းပမှာ ဖြစ်တယ်လို့ POEAက ဆိုပါတယ်။
ကိုရီးယားအလုပ်အကိုင်သင်တန်းနည်းပြတဦးက “တကျော့ပြန်အလုပ်သမားတွေအတွက်ကတော့ အထူးအခွင့်အရေး ရသွားတာပေါ့။ အရင်ကအဲဒီလို သီးသန့်လုပ်တာမရှိဘူး။ အခု ကိုရီးယားဘက်က လုပ်သားလိုအပ်ချက်ရှိလို့ လုပ်တာလို့ထင်တယ်”လို့ ပြောပါတယ်။
Special EPS TOPIK စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရှိသူတွေရဲ့စာရင်းကို POEA က ကြေညာထားပြီး စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာကို စက်တင်ဘာလဆန်းမှာ လက်ခံသွားမယ်လို့ အသိပေးထားပါတယ်။
အဲဒီစာမေးပွဲဖြေဆိုမယ့်သူတွေဟာ အသက် ၁၈ ကနေ ၃၉ နှစ်အတွင်းရှိရမှာဖြစ်ပြီး တောင်ကိုရီးယားမှာ E-9၊ E-10 ဗီဇာနဲ့ ၅ နှစ်အထက် နေထိုင်ခဲ့သူ မဖြစ်ရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ထောင်ဒဏ်ကျခံရဖူးသူ၊ မြန်မာနိုင်ငံမှ ပြည်ပကို ထွက်ခွာခွင့်တားမြစ်ခံရသူ၊ တောင်ကိုရီးယားမှ နှင်ထုတ်/ပြန်ပို့ခံသူတွေလည်း ဖြေဆိုခွင့်မရှိဘူးလို့ ကြေညာထားပါတယ်။
လက်ရှိမှာ စာမေးပွဲဖြေဆိုခွင့်ရှိသူစာရင်းကို ကြေညာထားပေမယ့် အောင်ချက်ဦးရေ ဘယ်လောက်ပေးမယ် ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
(EPS TOPIK) စာမေးပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်ထားခဲ့ရာက ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ပြန်ကျင်းပနိုင်ခဲ့ပြီး အခုသီးသန့်စာမေးပွဲ ထပ်ပြီး ပြုလုပ်ဖို့စီစဥ်နေတာ ဖြစ်ပါတယ်။
စာမေးပွဲဖြေဖို့ စောင့်နေသူတဦးက “နောက်စာမေးပွဲက ဘယ်တော့ရှိမှန်း မသိသေးတော့ သင်တန်းတက်ဖို့ ပြင်နေသူတွေက ဘာလုပ်ရမှန်းမသိဘူး။ ပုံမှန်စာမေးပွဲ ကျင်းပမယ့် ကာလကိုလည်း ကြေညာပေးစေချင်တယ်”လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာလုပ်သားတွေ သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားမှုအများဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး စာမေးပွဲကျင်းပတိုင်း ဖြေဆိုသူ သောင်းနဲ့ချီရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
လက်ရှိ တောင်ကိုရီးယားမှာ မြန်မာလုပ်သား ၅၀၀၀၀ ကျော်ရောက်ရှိ နေထိုင် အလုပ် လုပ်ကိုင်နေပြီး လစဥ်လည်း လုပ်သားရာချီ ထွက်ခွာနေပါတယ်။