Home
ဆောင်းပါး
ငကန်းသေရင် ငစွေ တကယ်ပေါ်မှာလား
DVB
·
August 18, 2023
Article 1

“အခုလောက်ရှိလို့မှ မလာရင် လာတော့မှာ မဟုတ်တော့ဘူး။ အေးကွယ် မလာရင်လည်း ကိစ္စမရှိပါဘူး။ ငကန်းသေ ငစွေ ပေါ်လာလိမ့်မပေါ့။” [၁၂၉၆] ဒဂုန်၊ ၁၊ ၁၀။ ၃၇။

ငကန်းသေ ငစွေပေါ်လိမ့်မည် ဟူသည်မှာ မြန်မာစကားပုံတခု ဖြစ်သည်။ စကားပုံအရဆိုလျှင် လူတယောက်မရှိ တယောက်ကို အစားထိုးနိုင်သည်ပေါ့။ တယောက်မကလည်း အစားထိုးလျှင် ထိုးနိုင်ပါသည်။ ရှိစေတော့။ တန်ဖိုးချင်းတော့ ကွာပါလိမ့်မည်။ အစားထိုးလာမည့် ငစွေသည် ယခင် ငကန်းလောက် အရည်အချင်း၊ အတွေ့အကြုံ၊ ရပ်တည်မှု သာလွန်လျှင်တော့ ဒီစကားပုံကို လက်မခံနိုင်စရာမရှိ။ မည်သို့မျှ တရားသဖြင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘဲ သူတပါး အလစ်အငိုက်ကို စောင့်ပြီး မိုးရွာတုန်း ရေခံမဟဲ့ဆိုပြီး ရာသီဥတုဖောက်ပြန်အောင် (အချိန်အနေ ပုံမှန်တိုင်းမဟုတ်အောင် / ပိုဆိုးအောင်) ဖန်တီးနေသူတွေကို အားပေးပြီး ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ စိတ်နဲ့ အပျော်တပါး မိုးရေချိုးဖို့ ပြင်နေကြသူများကို တွေ့နေရသောအခါ… ဆင်ခြင်မိစေရန် သတိတခုတော့ ပေးလိုက်ချင်သည်။ မိုးရေချိုးပါများရင် အအေးပတ်တတ်သည်။ အချိန်အခါမဟုတ်ရွာသော မိုးသည် ဖျားနာစေတတ်သည်။ ပျက်စီးစေတတ်သည် မဟုတ်ပါလား။

လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေကို သုံးသပ်ကြည့်လျှင်လည်း အမှန်တရားဘက်ကို ရဲရဲဝံ့ဝံ့ ရပ်တည်နေကြသော ပညာရေးဝန်ထမ်းများအား တာဝန်မှရပ်စဲလိုက်ခြင်း၊ အသစ်အစားထိုးဖို့ လုပ်ဆောင်နေကြခြင်းသည် ပြည်သူ့ဝန်ထမ်းများအပေါ်၊ တိုင်းပြည်အပေါ်၊ နိုင်ငံ့ရင်သွေးများ အပေါ် ထားရှိသော စေတနာသည် မှန်ကန်သော စေတနာ ဟုတ် မဟုတ် သာမန်ဦးနှောက်နှင့်ပင် တွေးခေါ်နိုင်ကြမည် ထင်သည်။ ဉာဏ်ရည်မမီသောသူများကိုတော့ မပြောလိုပါ။

တဖန် စာဖတ်တတ်ရုံဖြင့် စာသင်တတ်လိမ့်မည်ဟု တွေးခေါ်နေကြသောသူများကို အလွန်သနားမိပါသည်။ သူတို့ရဲ့ခံယူချက်၊ အတွေးအခေါ်များ သိမ်ဖျင်းမှုကိုလည်း လွန်စွာ အံ့သြမိပါသည်။ စာဖတ်တတ်ရုံဖြင့် စာသင်နိုင်သည်ဟု ထင်လျှင် ကိုယ့်အိမ်က ကလေးကို ရေးတတ် ဖတ်တတ် မိဘတိုင်း သင်ပေးကြမည်ပေါ့။ အစားထိုးခံမည့် ပွဲလန့်တုန်း ဖျာခင်းချင်သည့် တက်ကြွသည့် ကြက်ဖများကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်သည်ဟု ဝါဒမှိုင်း ချချင်ချနေနိုင်သည်။ အလုပ်အကိုင် ရှားပါးသောကြောင့် ရရာအလုပ် လုပ်ချင်လျှင် အခြေအနေနှင့် အချိန်အခါ ရှိပါသည်။ ယခုမြင်နေရသည်က ရွာကျောင်း မီးလောင်လို့ အတန်းအောင်ချင်သူများနှင့် တူလွန်းလှသည်။ ရှိပြီးသား အရည်အချင်းများပင်လျှင် စိတ်ထားမမှန်ကန်မှု၊ ရပ်တည်မှု မှားယွင်းမှုကြောင့် မှေးမှိန်သွားပါလိမ့်မည်။ “စိတ်မပါပေမဲ့ လုပ်သင့်သည်ကို လုပ်ပါ၊ စိတ်ပါပေမဲ့ မလုပ်သင့်သည်ကို မလုပ်ပါနှင့်” ဆိုသည့် လက်တွေ့ကျ မှန်ကန်သော စကားများလည်း မေ့မထားသင့်ပေ။

ထပ်လောင်း၍ ပြောရလျှင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့် အတွေ့အကြုံရှိ လုပ်သက်ရှိ ဆရာမများကို မီအောင် သင်ပြနိုင်အောင်၊ လက်တွေ့အသုံးချတတ်အောင် အချိန်တို သင်တန်းပေးလို့ရသည် ဆိုသည်မှာလည်း အလွန်ပင် စိတ်ကူးယဉ်ဆန်လွန်းလှသည်ဟု ထင်မိပါသည်။ ကျောင်းသားမိဘတယောက်အနေဖြင့် တွေးကြည့်လျှင်လည်း ကိုယ့်သားသမီးကို စိတ်ထားမှန်ကန်သော၊ အမှန်တရားကို ချစ်မြတ်နိုးသော၊ နိုင်ငံ့ရင်သွေးများအပေါ် စေတနာထားသော ဆရာများထံတွင်သာ ဝကွက်အပ်ချင်မိသည်။ ကလေးများ၏ “သမီး/သားတို့ ဆရာမများပြန်လာမှ ကျောင်းတက်မည်” ဆိုသည့် မှန်ကန်သော ခံယူချက်လေးများကိုလည်း ဂုဏ်ယူမိပါသည်။ သားသမီးတွေရဲ့ ခံယူချက် တည့်မတ်မှန်ကန်မှု၊ အမှန်တရားကို မြတ်နိုးမှုများကို မြင်ရသဖြင့် အမှန်တရားကို မြတ်နိုးသော၊ ရဲဝံ့သတ္တိရှိကြသော ဆရာ/ဆရာမများလည်း ဂုဏ်ယူဝမ်းမြောက်နေလိမ့်မည်ဟု ထင်မိပါသည်။

ထို့အတူ အမှန်တရားဘက် ရပ်တည်နေကြသော နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ ခံယူချက် အပေါ်တွင် ခက်ခဲပင်ပန်းစွာ ကြံ့ကြံ့ခံ ရပ်တည်နေကြပါသည်။ ထိုသူတို့၏ စွန့်လွှတ်၊ စွန့်စားမှုများသည် သာမန်စာဆို စာဖွဲ့၍ ရအံ့မထင်။ အသက်၊ သွေးနှင့်အတူ စိုးရွံ့မှုနှင့် တထိတ်ထိတ်ခုန်နေသော နှလုံးခုန်သံ စည်းချက်များကို ရင်းနှီးကာ စတေးထားကြရပါသည်။ လူစိတ်မရှိသူများနှင့် မဖြစ်မနေ ဆက်ဆံနေရ‌သော ဘဝများသည် အချိန်တိုင်း ယုံကြည်ဖွယ် အာမခံချက် မရှိပေ။ သို့သော် စိတ်ဓာတ်နှင့်သာ စခဲ့ရသော ထိုသူတို့သည် သူတို့ပိုင်ဆိုင်သော တခုတည်းသော စိတ်ဓာတ်ပေါ်တွင် အောင်မြင်သည်အထိ ခိုင်မာစွာ ယုံကြည်ရပ်တည်ဆဲပင်။ နုစဉ်လောကရဲ့ ပျော်စရာနေ့ရက်များနှင့်အတူ သက်ကြီး အငြိမ်းစားယူချိန်အထိ အာမခံချက်ရှိသော ပန်းခင်းလမ်းဘဝကို ခံယူချက်ဖြင့် ပေးဆပ်နိုင်လွန်းလှသည်။ သူတို့မပေးမချင်း မရှုံးကြောင်း သိရှိနားလည်ထားကြပြီး အောင်မြင်မှုများသည် ထင်မှတ်မထားလောက်သည့် အချိန်တိုအတွင်း မြင်သာလာပြီဖြစ်သည်။ အောင်မြင်မည်ထင်၍ မဟုတ်ဘဲ အောင်မြင်ရမည်ဟူသော စိတ်ဓာတ်ကို ကိုင်စွဲလျက်ပင်။ ချိုးနှိမ်ထားသည့် မာန်မာနများသည် တိုင်းပြည်အတွက်ဖြစ်သည်။ ခက်ခဲပင်ပန်းသော နေ့ရက်တိုင်းသည် တိုင်းပြည်အတွက် ဖြစ်သည်။ ရှင်သန်နေသော နေ့ရက်တိုင်းသည် တိုင်းပြည်အတွက်ဖြစ်သည်။ တိုင်းပြည်မျက်နှာသည်သာ တကမ္ဘာ ထင်တော့သည်။ သေနတ်အောက် ကြံ့ကြံ့ခံရင်း သိအောင်တမျိုး၊ မသိအောင်တဖုံ၊ ကြုံရာကရှာ၊ သာတာနဲ့ တိုက်ကြသောကြောင့် မိုက်ကန်းသော အာဏာရှင်သည် မကြာမီပင် မြန်မာပြည်မှ ချုပ်ငြိမ်းပေတော့မည်။

ခြစားမှုဖြင့် ဖွဲ့တည်ခဲ့သော ဖွတ်နားရာ တောင်ပို့များမှ အချောင်ခို စိတ်ဓာတ်ပိုင်ရှင်များသည် ခေတ်ပျက်တွင် ခိုးနိုင်သမျှ ခိုး၊ လုနိုင်သမျှ လု၊ တိုက်နိုင်သမျှ တိုက်၊ မိုက်နိုင်သမျှ မိုက်၍ နေတော့သည်။ ရိုင်းနိုင်သမျှ ကမ်းကုန်အောင် ရိုင်းလှသော ချောင်ပိတ်မိနေသော ခွေးရူးများသဖွယ် ရှက်ဖွယ်လိလိပင်။ ပြည်သူ့ဘဏ္ဍာစားထားကြသော ထိုသူတို့သည် ပြည်သူ့အာဏာ မတရားရယူနိုင်ဖို့ ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးချင်တိုင်း ဖျက်ဆီး၍ နေကြတော့သည်။ ထိုသူတို့အား ထောက်ခံကြသူများလည်း ထိုဘေးမှ မလွတ်ကင်းကြပေ။ ကိုယ်တွေ့မှ ယုံကြရသော မျက်စိမှိတ်၊ နားပိတ် ဘုရားစူး မျိုးချစ်များပင် ဖြစ်သည်။ တသက်လုံး ဖုံးမရခဲ့သည်များကလည်း ကုန်းလိုက်သလို ပေါ်ချင်တိုင်း ပေါ်နေပေတော့သည်။ အရှက်သည် ဝယ်ကပ်လျှင်တောင် ကွာကျလာသကဲ့သို့ ရှိလှသည်။ မထိုက်တန်သော ရာထူးနှင့် အာဏာသည် ထိုသူတို့အား အင်မတန်ဒုက္ခပေးသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

စိတ်ဓာတ်၊ ကျွမ်းကျင်မှုနှင့် အဘက်ဘက်က မပြည့်စုံသော ဌာနဆိုင်ရာများသည် နေရာတကာတွင် ထင်တိုင်းကျဲကာ ပရမ်းပတာ ဖြစ်ချင်တိုင်းကို ဖြစ်နေပေတော့သည်။ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး စသည်ဖြင့် အရာရာတွင် ကျရှုံးသထက် ကျရှုံးလာနေသည်ကို ထင်ရှားစွာ မြင်တွေ့နေကြရပေသည်။ အသင်းအဖွဲ့စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ် မရှိကြသည်မှာ ခေတ်သစ်နည်းပညာ စစ်မြေပြင်တွင် ထင်ရှားစွာ မြင်ရသည်။ သံမဏိစိတ်ဓာတ်ဟု နံနက်တိုင်း အော်နေခဲ့သူများသည် သူတို့၏ ရဲဘော်ရဲဘက်များ၏ ရုပ်အလောင်းများကို ဖွားဘက်တော် ခြင်းကျားများနှင့်အတူ ရောက်ရာအရပ် ကျရာနေရာတွင် ခွေးစားစား ကျီးထိုးထိုး စွန့်ပစ်ထားခဲ့ကြပေသည်။ ကိုယ့်ဘက်မပါလျှင် ကိုယ့်လူကိုယ် ပြန်စားရဲသည့် ကိုးသောင်းသော ဟင်္သာများပမာပင်။ အားပေးထောက်ခံနေရပေမဲ့ အချိန်မရွေး ပြောင်းလှည့်လာနိုင်သည့် ယုံကြည်စရာ တစက်မျှမရှိသော ထိတ်လန့်ဖွယ် ဘဝများပင် ဖြစ်တော့သည်။ အကြောက်တရားနှင့် စည်းစိမ်၊ ရာထူး၊ အာဏာရူးများသည် အချိန်တိုင်း စိတ်အေးချမ်းသာဖွယ်မရှိ၊ ပီဘိ ငရဲပင်။ ကြားရသမျှ တရားရစရာချည်းများသာ။

ခြုံ၍ပြောရလျှင် နှလုံးရည်နှင့် ပြည့်စုံသော ပညာရှင်များနေရာကို အစားထိုး၍ မရနိုင်သည်က ထင်ရှားလှသည်။ ပညာရေး၏ အကျိုးသက်ရောက်မှုသည် မြန်ဆန်စွာ မမြင်တွေ့နိုင်ပေမဲ့ ကပ်ရောဂါဘေးမှ ကျန်းမာရေးဖြစ်စဉ်များသည် မျက်မြင်လက်တွေ့ပင် ဖြစ်ပါသည်။ အချောင်သမားများသည် မြန်မာပြည်တွင် နေရာပျောက်သထက် ပျောက်လာပေသည်။ တချိန် မိမိတို့သားသမီးကို မိမိဘာလုပ်ခဲ့သည် ဂုဏ်ယူစွာ ပြောပြရဲဖို့၊ မိမိတို့သားသမီးများသည် ငါ့မိဘ ဘာလုပ်ခဲ့သည် ပြောပြနိုင်ဖို့၊ လူလယ်ကောင်တွင် ထည်ဝါစွာ ရပ်တည်နိုင်ဖို့သည် ယုတ်မာသူတို့အဖို့ လွယ်ကူမည်မဟုတ်ပေ။ ခေတ်စကားဖြင့် ပြောရလျှင် ပြည်သူသည် အချဉ်မဟုတ်။ နှစ်ဆယ့်တစ် ရာစုသည် ပြည်သူကို မျက်စိပိတ် နားပိတ်၍ ရသည့်ခေတ် မဟုတ်တော့ပေ။ 

မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်တွင် ငစွေတို့အတွက် နေရာမရှိတော့ပြီတကား။         ။

သန့်ကေသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024