မြန်မာပြည်တွင်းမှာ မြင့်မားလာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ကူညီထောက်ပံ့သူ နည်းပါးလာတဲ့အတွက် နွေဦးတော်လှန်ရေးမှာပါဝင်လို့ အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လစဉ်ထောင်ဝင်စာပို့ပေးနေတဲ့ “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အရင်က အလှူငွေ အင်အားကောင်းချိန် နိုင်ငံရေးအကျဉ်းသားယောက်ကို ကျပ် ၃၅,၀၀၀ ထိ ထောက်ပံ့ပေးနိုင်ခဲ့ရာကနေ အခု အလှူငွေရရှိမှု ခက်ခဲတာကြောင့် တယောက်ကို ကျပ် ၂၀,၀၀၀ နှုန်းသာ ထောက်ပံ့ပေးနိုင်ပြီး နယ်မြို့က အကျဉ်းထောင်တွေ တလှည့်၊ ရန်ကုန်က အင်းစိန်ထောင်ကို တလှည့် တလစီ အလှည့်ကျ ထောက်ပံ့နေရတဲ့အခြေအနေလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ထောင်ဝင်စာပို့တဲ့အဖွဲ့ဝင်တဦးက “ကုန်စျေးနှုန်းတက်တော့ လူတွေက ပိုကျပ်တည်းလာတယ်။ နောက်ပြီးတော့ အကူအညီတောင်းသူက ပိုများလာပြီး အလှူငွေရရှိမှု နည်းလာတယ်။ ဆိုတော့ ၂ နှစ်လောက် နိုင်ကျဥ်း ၅၀၀ လောက်ကို လစဥ်မပျက် ထောင်ဝင်စာ ကူညီပေးနေတာ အခုလိုအခြေအနေမှာ အဖွဲ့က ဆက်လက်ရပ်တည်ဖို့ အခက်အခဲတွေရှိနေပြီ။ ဘယ်သူကမှ တခြားအဖွဲ့တွေလို Fund ရှာပေးတာမရှိဘဲ ပြည်သူရဲ့ အလှူငွေနဲ့ပဲ ရပ်တည်နေရတာပါ” လို့ ပြောပါတယ်။
အင်းစိန်ထောင်၊ အိုးဘိုထောင်၊ ပဲခူးထောင်၊ ကျိုက်စကောထောင်၊ သာယာဝတီထောင်၊ ပုသိမ်ထောင်နဲ့ သရက်ထောင်တို့က နိုင်ငံရေးအကျဉ်းသား ၅၀၀ လောက်အတွက် လစဉ် သိန်း ၁၁၀ ကျော် လိုအပ်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ထောက်ပံ့ကူညီပေးဖို့ကိုလည်း တောင်းဆိုပါတယ်။
ထောင်ဝင်စာပို့တဲ့ အဖွဲ့ဝင်တဦးက “ပစ္စည်းမပေးနိုင်တဲ့ ပေးလို့မရတဲ့သူတွေဆို ငွေသားထောက်ပံ့တယ်။ တချို့ကကျ လုံခြုံရေးအရ ပစ္စည်းတိုက်ရိုက်သွားပေးဖို့ အဆင်မပြေဘူးလေ။ အဲဒီအခါကျရင် ငွေသားပဲသွင်းရတာ။ ကျနော်တို့က ပြည်သူတွေရဲ့ မေတ္တာစာတွေနဲ့သာ ရပ်တည်နေရတဲ့အဖွဲ့ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့က အမေ့ခံသူရဲကောင်းတွေအတွက် မိမိတို့တတ်နိုင်သရွေ့ ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံ အကူအညီတောင်းပါတယ်။ ကျနော်တို့အနေနဲ့က လစဥ် ပုံမှန်အလှူရှင်တွေလည်း လိုအပ်နေပါတယ်” လို့ ဆိုပါတယ်။
သြဂုတ်လအတွက် ရန်ကုန်နဲ့ တခြားနယ်မြို့တွေမှာရှိတဲ့ အကျဉ်းထောင် ၇ ခုက နိုင်ငံရေးအကျဉ်းသားပေါင်း ၄၈၃ ဦးအတွက် ထောင်ဝင်စာပစ္စည်း ဒါမှမဟုတ် ငွေသားထောက်ပံ့ခဲ့ပြီး ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ဆက်လက်ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။