ဗြိတိသျှပြတိုက်မှ ရွှေလက်ဝတ်ရတနာတွေနဲ့ ကျောက်မျက်ရတနာတွေ အပါအဝင် ပြတိုက်မှာ စုဆောင်းထားတဲ့ ပစ္စည်းတွေ ပျောက်ဆုံးတာ၊ ခိုးယူခံရတာ သို့မဟုတ် ပျက်စီးနေတာတွေကို တွေ့ရှိခဲ့ရပြီးနောက် ပြတိုက်ဝန်ထမ်းတဦးကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဗြိတိန်ပြတိုက်က သြဂုတ် ၁၆ ရက်မှာ ပြောပါတယ်။
ကမ္ဘာပေါ်မှာ လာရောက်လည်ပတ်မှု အများဆုံးထဲက တခုဖြစ်တဲ့ ဗြိတိန်ပြတိုက်ဟာ တာဝန်ရှိတဲ့ ကျူးလွန်သူပုဂ္ဂိုလ်ကို တရားဥပဒေအရ အရေးယူဆောင်ရွက်နေပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်သုံးသပ်ချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း ပြတိုက်က ပြောပါတယ်။
ပျက်စီး၊ ပျောက်ဆုံး၊ အခိုးခံပစ္စည်း အများစုဟာ သိုလှောင်ခန်းအတွင်း သိမ်းဆည်းထားတဲ့ အသေးစား ပစ္စည်းငယ်လေးတွေ ပါဝင်နေပြီး အဲဒီထဲမှာ ဘီစီ ၁၅ ရာစုမှ အေဒီ ၁၉ ရာစုအထိ တည်ရှိတဲ့ ဖန်ထည်ပစ္စည်းတွေ၊ ရွှေလက်ဝတ်ရတနာတွေ၊ အဖိုးတန် စိန်၊ မြ၊ နီလာ၊ ပတ္တမြား ကျောက်မျက်ရတနာတွေနဲ့ တခြားတွင်းထွက် ကျောက်မျက်ရတနာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီပစ္စည်းတွေကို လူသိရှင်ကြား ခင်းကျင်းပြသထားမှု မရှိခဲ့ဘဲ ပညာရပ်ဆိုင်ရာနဲ့ သုတေသန ရည်ရွယ်ချက်တွေအတွက် အဓိကထားရှိ သိမ်းဆည်းခဲ့ကြောင်းလည်း ဆိုပါတယ်။
ပြတိုက်အကျိုးတော်ဆောင်တွေဟာ အခုနှစ်အစောပိုင်းက ပစ္စည်းတွေ ခိုးယူခံရကြောင်းကို သိရှိလိုက်ရတဲ့အခါ အလွန်စိုးရိမ်ခဲ့ကြကြောင်း ပြတိုက်ဥက္ကဋ္ဌဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဂျော့ဂျ် အော့စ်ဘွန်းက ပြောပါတယ်။
ဒါဟာ အလွန်ထူးခြားတဲ့ အဖြစ်အပျက်တခုပဲလို့ ပြတိုက်ညွှန်ကြားရေးမှူး ဟာ့တွစ်ဂ် ဖှစ်ရှာ က ပြောပါတယ်။
Source - Reuters