ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ယူမာရပ်ကွက်အတွင်း ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်ပြီး လာရောက်စွန့်ပစ်ထားတဲ့ လူငယ်နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို သြဂုတ် ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။
အဆိုပါ ရုပ်အလောင်းနှစ်လောင်းကို မတူညီတဲ့ နေရာတွေမှာ စွန့်ပစ်ထားတာဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဒေသခံရင်းမြစ်ဆီက သိရပါတယ်။
ဒေသခံတဦးက “တလောင်းက ကျောက်မျက်စျေးအရှေ့မှာ၊ နောက်တလောင်းက ယူမာတံတားထိပ်မှာ လာပစ်ထားတာ၊ ပွန်းပဲ့ဒဏ်ရာတွေလည်း တွေ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သတ်ဖြတ်ပြီး စွန့်ပစ်ခံထားရသူ ၂ ဦးဟာ မျက်လုံးအဝတ်စည်းခံထားရပြီး လက်နောက်ပြန် ချည်ခံထားရရုံမကဘဲ ကိုယ်ပေါ်မှာ စစ်ခွေး၊ သူခိုး၊ ဓားပြ ဆိုတဲ့ စာပါစက္ကူချပ်ကို ချည်နှောင်ထားတာတွေ့မြင်ရတယ်လို့ ဒေသခံတဦးက အတည်ပြု ပြောဆိုပါတယ်။
လက်ရှိမှာ သေဆုံးသူ ၂ ယောက်ဟာ ဘယ်သူဘယ်ဝါဆိုတာ သိရဖို့ သက်ဆိုင်ရာက စုံစမ်းနေကြပြီး သေမှုသေခင်းနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဖားပြင်စက်လှေဂိတ်အနီးမှာလည်း ဓားနဲ့မွှန်းထားတဲ့ ဒဏ်ရာတွေနဲ့ ရုပ်အလောင်းတခု တွေ့ရှိထားတယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ဒေသမှာ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူများစွာ ရှိနေပါတယ်။