ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ စစ်တပ်နဲ့ ယာဥ်ထိန်းရဲတွေက ဘက်ထရီစက်ဘီး စီးနင်းသူတွေရဲ့ စက်ဘီးတွေကို နေ့စဥ် လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကတဆင့် သိရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက “ဘက်ထရီစက်ဘီးတွေကို ဖမ်းပြီး တယောက်ကို ပိုက်ဆံ တသောင်း တောင်းတယ်။ ပြီးရင် စက်ဘီးက ဘက်ထရီတွေကို ဖြုတ်ပြီး ယူထားတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူတွေကိုတော့ စက်ဘီးတစီးလုံး သိမ်းတယ်” လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှာ အရင်က ဘေးတွဲဆိုင်ကယ်နဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကိုပဲ ဖမ်းဆီးတာ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်ကစပြီး ဘက်ထရီစက်ဘီးတွေကိုပါ စစ်တပ်နဲ့ ယာဥ်ထိန်းရဲက စတင်ဖမ်းဆီးလာတာ ဖြစ်တယ်လို့ အဲဒီမြို့ခံက ဖြည့်စွက်ပြောပြပါတယ်။
ထန်းခြောက်ပင်မှတ်တိုင်အနီးမှာ နေထိုင်တဲ့ အမျိုးသမီးတဦးက “ထန်းခြောက်ပင်မှတ်တိုင်နဲ့ ရွှေရုံမှတ်တိုင်လို လူစည်တဲ့နေရာမျိုးမှာ နေ့တိုင်းလိုလို မနက်ပိုင်း စက်ရုံသွားတဲ့အချိန်နဲ့ ညနေပိုင်း စက်ရုံပြန်တဲ့အချိန်လောက်မှာ စစ်သားရော ယာဥ်ထိန်းရဲကော စောင့်ပြီးဖမ်းကြတာ။ စက်ဘီး အသိမ်းခံရတော့ ငိုတဲ့သူက ငိုနဲ့ မြင်ရတာ တော်တော် စိတ်မကောင်းဖြစ်မိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ယာဥ်ထိန်းရဲတွေက အိမ်စီးကားတွေနဲ့ အုတ်သဲကျောက်တင်တဲ့ ကားတွေကိုပါ ငွေညှစ်ဖို့အတွက် ဖမ်းဆီးတာမျိုးပါ ရှိတယ်လို့ အုတ်ကား မောင်းနှင်သူတဦးက ပြောပါတယ်။
“လိုင်စင်အပြည့်အစုံပါလည်း အိုဗာဝိတ် တင်တယ်ဆိုပြီး အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းတယ်။ ၃ သောင်းလောက်ပေးမှ ပြန်လွှတ်တယ်။ မပေးရင် လိုင်စင်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။”
ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းမှာရှိတဲ့ ယာဥ်ထိန်းရဲရုံးကို ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။