ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အခုနှစ် မေလကစပြီး စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာ ၄၀ ကျော်က ထောင်နဲ့ချီတဲ့ ပြည်သူတွေ တိမ်းရှောင်နေကြရသလို သဘာဝဘေးဒဏ်ပါ ခံစားနေရတဲ့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။
အခုနှစ် မေလကစပြီး ဩဂုတ် ၁၅ ရက်အထိ စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတွေထဲကို လေကြောင်း ၃၃ ကြိမ်၊ ဒရုန်းနဲ့ ၁ ကြိမ်၊ လက်နက်ကြီးနဲ့ ၃၇ ကြိမ် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး အလုံးရေ ၄၀၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုပစ်ခတ်မှုကြောင့် ကျောင်းသူကျောင်းသား ၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး သေဆုံးခဲ့ရပြီး ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို နေအိမ် အလုံး ၂၀ ထက်မနည်း ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြည်သူ ၁၈ ဦး ဖမ်းဆီးထောင်ချခံရပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်းနဲ့ ၃ ဦးကိုလည်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကြောင့် ကျောက်ကြီးမြို့နယ် တွင်းက ကျေးရွာပေါင်း ၄၀ ကျော် စစ်ဘေးရှောင်နေရပြီး လူဦးရေ ၈,၀၀၀ နီးပါး ရှိနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံမျိုးစုံကို ကျောက်ကြီးမြို့နယ် ပြည်သူတွေ ခံစားနေရတဲ့အပြင် လက်ရှိ မိုးရာသီကာလဖြစ်တဲ့အတွက် သဘာဝဘေး ရေကြီး ရေလျှံမှုတွေကိုပါ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ကျေးရွာ ၈ ရွာက လူဦးရေ ၂,၀၀၀ နီးပါးလည်း ရေဘေးကြုံနေရသလို စာသင်ကျောင်း ၃ ကျောင်းက ကျောင်းသူကျောင်းသားဦးရေ ၃၀၀ လောက် ကျောင်းတက်ဖို့ အခက်အခဲ ရှိတာကြောင့် ကျောင်းပိတ်ခဲ့ထားရတယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီကနေ သိရပါတယ်။
မိုးတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်တွေဟာ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေကြရသလို သွားရေးလာရေး အခက်အခဲ၊ စားသောက်ကုန်ဈေးနှုန်း မြင့်တက်တာနဲ့ အသက်မွေးဝမ်းကြောင်းအတွက် အလုပ်အကိုင်မရှိလို့ စားဝတ်နေရေး အခက်အခဲများစွာနဲ့ ကြုံတွေ့နေရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။