သဘာဝဘေးအန္တရာယ်တွေ၊ စစ်ပွဲတွေနဲ့ ကပ်ရောဂါတွေ ဖြစ်နေတဲ့ အချိန်တွေမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပြီး နောက်ကျမှကျင်းပမယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံအတွက် အရေးကြီးတယ်လို့ ဩဂုတ် ၁၆ ရက်မှာ အထက်လွှတ်တော်ဥက္ကဋ္ဌ ဘမ်ဘန်စိုစက်တီယိုက ပြောပါတယ်။
ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ငါးနှစ်တကြိမ် ကျင်းပတဲ့ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပရမှာပါ။
လက်ရှိမှာ နိုင်ငံရဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ့်မူဘောင် မရှိသေးဘဲ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခွင့်ပြုရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။
ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းထားရင် ပြည်သူ့အတိုင်ပင်ခံညီလာခံကို အမြင့်ဆုံး အစိုးရအဖွဲ့ အဖြစ် ပြန်ပေးအပ်သင့်တယ်လို့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဘမ်ဘန်စိုစက်တီယိုက အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မတိုင်မီ နှစ်ပတ်လည်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
တာနင်ဘာကျွန်းစုတွေက ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုက နောက်ပိုင်းမှာ သူ့ရဲ့ နှစ်ပတ်လည် နိုင်ငံတော်မိန့်ခွန်းကို ပြောခဲ့ပါတယ်။
ပြည်လုံးကျွတ်ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းဖို့ စိတ်ကူးတာဟာ အင်ဒိုနီးရှားမှာ ဆူးညောင့် ပြဿနာတခုပါ။
သမ္မတ ဂျိုကိုဝီဒိုဒိုဟာ လာမယ့်နှစ်မှာ သူ့ရဲ့ ဒုတိယသက်တမ်း ကုန်ဆုံးဖို့ ရှိနေလို့ သူ အာဏာဆက်ရှိနေဖို့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်ရေး ကြိုးပမ်းနေတဲ့ ဆောင်ရွက်ချက်တခုလို့ ထင်ကြေးပေးနေကြပါတယ်။
Source - Reuters