ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်အထူးဒေသ ၁ ဝိုင်းမော်-ချီဖွေလမ်းပိုင်း ရှငေါ်ကျေးရွာအနီးမှာ သြဂုတ် ၁၅ ရက် ညနေ ၄ နာရီလောက်က ဆီသယ်ကား တိမ်းမှောက်ကာ မီးလောင်ပြီး အမျိုးသားတယောက် သေဆုံးသွားပါတယ်။
ပန်ဝါကားဆရာတစ်ဦးက “ချီဖွေအထိတော့ လမ်းကောင်းတယ်။ ဒါပေမဲ့ လမ်းကျဥ်းတယ်။ ရှငေါ်ရွာဖက်ကျ အဆင်းအတက်က သတိထားရတယ်။ စက်လှေဂိတ်ကုန်းဆင်းတွေကျ လမ်းက အကွေ့လေ။ ဘရိတ်ပေါက်သွားတာလို့ သိရတာပဲ။ ကျနော်တော့ ဒီရက်ပိုင်း မသွားဖြစ်လို့ မသိပေမဲ့ Group ထဲမှာ ပြောလို့သိရတာ” လို့ ပြောပါတယ်။
သွားရောက်ကူညီခဲ့တဲ့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ လူမှုကွန်ရက်မှာတော့ “ဘရိတ်ပေါက်ပြီး လမ်းဘေးကမ်းပါးဝင်တိုက်ပြီး ဆီပုံးတွေ မှောက်ကျလို့ ကားမီးလောင်ခဲ့တာ။ ကားထဲ ပိတ်မိနေလို့ မီးလောင်သေဆုံးခဲ့တာဖြစ်တယ်" လို့ဖော်ပြထားပါတယ်။
သေဆုံးခဲ့သူဟာ မြစ်ကြီးနားမြို့ပေါ်ဦးရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် ကိုဝင်းမင်းခိုင် ဖြစ်ပြီး သြဂုတ် ၁၆ ရက်က မြစ်ကြီးနားမြို့ လယ်ကုန်းသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ရှငေါ်ကျေးရွာက မေခမြစ်ကမ်းနားတည်ရှိပြီး လက်နက်ကိုင်အဖွဲ့များစွာ သွားလာလှုပ်ရှားစိုးမိုး တဲ့ ဒေသဖြစ်ပြီး ချီဖွေပန်ဝါ ကားလမ်းပေါ်က ရွာတန်းရှည်တစ်ခုဖြစ်ပါတယ်။
မေခမြစ်ကိုကူးတဲ့ စက်လှေဆိပ်ရှိပြီး မေခမြစ်တစ်ဖက်ကမ်းကရွာတွေရဲ့ စက်လှေဆိပ်ရွာ လေးဖြစ်သလို လက်နက်ကိုင်တွေ ပစ်ခတ်မှုတွေအမြဲရှိနေတတ်တဲ့ ဒေသတွင်းမှာ တည်ရှိပါတယ်။