အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲတက်သွားတဲ့အပေါ် ဗြိတိန်ဘုရင် ချားလ်စ်က ဂုဏ်ပြုစကားပြောသွားပါတယ်။
အင်္ဂလန်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် သြစတြေးလျအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာပါ။
အဲဒီအပေါ် ဗြိတိန်ဘုရင်ချားလ်စ်နဲ့ မိဖုရားဖြစ်သူတို့က ဂုဏ်ယူကြောင်း စာရေးသားဂုဏ်ပြုခဲ့တာပါ။
တနင်္ဂနွေနေ့မှာ ကစားရမယ့် စပိန်အသင်းနဲ့ ဗိုလ်လုပွဲစဉ်မှာလည်း အောင်မြင်မှုရရှိပါစေကြောင်း ဗြိတိန်ဘုရင်ရဲ့ ဂုဏ်ပြုလွှာမှာပါရှိပါတယ်။
အလားတူ မင်းသား ဝီလျံကလည်း အလွန်ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်နိုင်မှုအဖြစ် အင်္ဂလန်အမျိုးသမီးအသင်းကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းဟာ ၂၀၂၂ ခုနှစ် ဥရောပအမျိုးသမီးပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။