စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကနေ ထောင်ပြောင်းအကျဉ်းသားတွေ တင်ဆောင်လာတဲ့ ထောင်ကား မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အကျဉ်းသား မိသားစုဝင်တွေဆီက သိရပါတယ်။
ဩဂုတ် ၁၅ ရက် နေ့လယ်ပိုင်းက မုံရွာအကျဉ်းထောင်မှ မန္တလေးနဲ့ မြင်းခြံထောင်ကို ပြောင်းရွှေ့မယ့် နိုင်ငံရေးအကျဉ်းသားတွေကို တင်ဆောင်လာတဲ့ ထောင်ကား ၅ စီး မုံရွာမြို့အထွက် မြေနဲကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
အကျဉ်းသားမိသားစုဝင်တဦးက “ထောင်ပြောင်းမယ် သတင်းကြားလို့ လမ်းကနေ ကြိုစောင့်ပြီး နှုတ်ဆက်ကြတာပါ။ ကျမတို့က ထောင်အနီးဝန်းကျင်မှာပဲ သွားနှုတ်ဆက်ကြတာ။ မိုင်းခွဲခံရတယ်ကြားလို့ အပြေးအလွှားသွားကြည့်တာ အဲ့အနား ကပ်ခွင့်မရခဲ့ဘူး။ လုံခြုံရေးအပြည့် ယူထားတော့လေ။ သေတဲ့သတင်းကတော့ ဒီနေ့မနက်မှ ကြားရတာပါ။ ဒဏ်ရာရတဲ့သူက စိုးရိမ်ရတယ်လို့ အသံကြားတယ်။ ကျမမောင်လေး ဘာဖြစ်လဲ ဆိုတာတော့ မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ကား ၅ စီးနဲ့ ပြောင်းရွှေ့ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဒေါက်တာဇော်တွယ်အောင် သေဆုံးကာ သူနဲ့အတူ ခြေကျင်းတွဲခတ်ခံထားရတဲ့ ကိုအာကာငြိမ်းချမ်းလည်း ယမ်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့လို့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
မိုင်းစထိမှန်သေဆုံးခဲ့သူ ဒေါက်တာဇော်တွယ်အောင် (အသက် ၃၃ နှစ်) ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်က သူနေထိုင်ရာအိမ်မှာပဲ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀(ည)၊ ၅၀၅(က) ၂ မှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချခံထားရတယ်လို့ သိရပါတယ်။
အခု မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။