စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ရဲ့ နယ်ခြားဖြစ်တဲ့ မြောက်ယမားချောင်းထဲမှာ စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးကို သတ်ပြီး အလောင်းကို ချောင်းထဲ ပစ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အလောင်းတွေကို ဩဂုတ် ၁၆ ရက် မနက် ၆ နာရီလောက်မှာ မြောက်ယမားချောင်းအတွင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီကို ပစ္စည်းပို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဩဂုတ် ၁၅ ရက် ည ၈ နာရီလောက်မှာ ပြန်ဆုတ်သွားပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူ အမျိုးသား ၃ ယောက်ဟာ ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာကဖြစ်ပြီး သာမန်အရပ်သားတွေ ဖြစ်တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက အတည်ပြု ပြောဆိုပါတယ်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင် ကိုသက်ဦးက “အခုအသတ်ခံရတဲ့ ၃ ယောက်က ပြည်သူတွေပါ။ စစ်ကြောင်းက မြောက်ယမားတံတားပေါ်မှာ သတ်ပြီး အလောင်းကို ရေထဲပစ်ချသွားတာပါ” လို့ ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီကို ပစ္စည်းပို့တဲ့ စစ်ကောင်စီစစ်ကြောင်းက ကုန်းကြောင်း ရေကြောင်း ၂ ကြောင်းတက်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဩဂုတ် ၁၅ ရက်ကလည်း ၉ နှစ်ကလေး သေဆုံးပြီး ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။