ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်တခုမှာ ကမ်းပါးပြိုကျပြီး ရေလှိုင်းနဲ့အတူ မျောပါ ပျောက်ဆုံးနေသူတွေထဲက ရုပ်အလောင်း ၃၃ လောင်း ရှာဖွေတွေ့ရှိထားပြီလို့ ဒေသခံ ကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။
ဒီကနေ့ ဩဂုတ် ၁၆ ရက်နေ့မှာ အလောင်း ၈ လောင်း ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး မနေ့က ၂၅ လောင်းအထိရှာတွေ့ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီနေ့ ၈ လောင်း ထပ်တွေ့တယ်။ မနေ့က ၂၅ လောင်း၊ စုစုပေါင်း ၃၃ လောင်းအထိ တွေ့ထားပြီ။ ဆက်ရှာနေတုန်းပဲ။ အလောင်းမတွေ့သေးတဲ့ မိသားစုဝင်တွေလည်း ရှိကြတယ်။”
လူပျောက်လာတိုင်ထားတဲ့ စာရင်းတွေအရ ပျောက်ဆုံးနေသူ ၃၆ ယောက်ရှိပြီး စာရင်းတွေထက်လည်း ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ ကျောက်စိမ်းတောင်လုပ်ကွက်မှာ ဩဂုတ် ၁၃ ရက် မွန်းလွဲ ၃ နာရီလောက်က မြေပြိုကျချိန် ရေလှိုင်းပုတ်ခတ်မှုကြောင့် နွံကန်ဘေးမှာ လက်ကျင်းတူးနေသူတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
ဖားကန့်မြိုနယ်ရှိ ရွှေကျောက်တူးဖော်တဲ့လုပ်ကွက် မြေစာပုံတွေက မြေပြို၊ ကျင်းပြိုကာ နှစ်စဉ် လူအသေအပျောက်တွေ ရှိနေပြီး ၂၀၂၀ ခုနှစ် မြေစာပြိုကျမှုကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ပါတယ်။