ဆူဒန်နိုင်ငံမှာ စစ်ပွဲစချိန်ကနေ ခုအချိန်အထိ လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ လူသန်းပေါင်းများစွာ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း ပြောပါတယ်။
ကူလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလိဇဘက် သရောက်ဇယ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ သြဂုတ် ၁၅ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
“သေဆုံးသူတွေထဲက အများအပြားရဲ့ ရုပ်ကြွင်းတွေကို စုဆောင်း၊ ဖော်ထုတ် သင်္ဂြိုဟ်တာ မလုပ်ရသေးဘူး” လို့ သူက ထပ်ပြောခဲ့ပါတယ်။
စစ်ပွဲနဲ့ဆက်နွှယ်နေတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်စဉ်တွေကလည်း ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ တာဝန်ရှိသူ လိုင်လာဘိတ်ကာက ပြောပါတယ်။
စစ်ပွဲကြောင့် ဆူဒန်မြို့တော် ခါတွန်မှာ ပျက်စီးဆုံးမှုတွေရှိခဲ့သလို ဒါဖာမြို့မှာလည်း လူမျိုးရေးကြောင် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဆူဒန်လယ်သမားတွေဟာလည်း ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ အချိန်နောက်ကျနေပြီး ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ရှားပါးလာနေကာ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဆူဒန်စစ်တပ်နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ကြား ဧပြီ ၁၅ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ခါတွန်၊ ဒါဖာနဲ့ ကော်ဒိုဖန်ဒေသတွေက မြို့ကြီးတွေမှာ ကျန်ရစ်တဲ့ လူသန်းပေါင်း များစွာဟာလည်း လုယက်မှုတွေနဲ့ ကာလရှည်ကြာ လျှပ်စစ်မီးမရတာ ဆက်သွယ်ရေးနဲ့ ရေပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆူဒန်နိုင်ငံဟာ အရပ်ဘက်အုပ်ချုပ်မှုဆီကူးပြောင်းဖို့ စီစဉ်ထားပေမဲ့ လက်ရှိမှာတော့ အကြမ်းဖက်မှုအဆင့်ထိ ကျဆင်းသွားစေတဲ့အပြင် ဒေသတွင်းကိုပါ မတည်မငြိမ်ဖြစ်မယ့် အရေးက ခြိမ်းခြောက်နေပါတယ်။
Source - Reuters