Home
မြန်မာသတင်း
ပေါက်နှင့် မင်းတုန်းမြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
August 16, 2023
Pauk PDF
Pauk PDF 1

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ သြဂုတ် ၁၅ ရက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ကနေ သိရပါတယ်။

ပေါက်မြို့နယ် အုန်းတောရွာနားမှာ လွှစက်နဲ့ လမ်းပိတ်ထားတဲ့ သစ်ပင်တွေကို လာရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အုန်းတော မြောက်ရွာနဲ့ တောင်ရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို နေ့လယ် ၁၂ နာရီကျော်လောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်းလွဲ ၂ နာရီကျော်လောက်မှာလည်း အုန်းတော မြောက်ရွာနဲ့ တောင်ရွာကြားမှာ လမ်းလာရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁ ယောက် ပွဲချင်းပြီးသေဆုံးကာ ၃ ယောက်ထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် နေ့လယ် ၁၂ နာရီကျော်လောက်မှာ ပေါက်မြို့ အိမ်တွင်းမှုကျောင်းက လက်နက်ကြီးနဲ့ ၇ ချက်ပစ်ခတ်ခဲ့ပြီး ညနေ ၅ နာရီကျော်လောက်မှာလည်း လက်နက်ကြီးနဲ့ ၃ ချက် ပစ်ခတ်ခဲ့လို့ ကျေးရွာတွေရဲ့ အနီးပတ်ဝန်းကျင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖနဲ့ ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

မကွေးတိုင်း၊ မင်းတုန်းမြို့၊ ပုံသိမ်-မုံရွာလမ်းမကြီး၊ ဗူးတောင်ကျေးရွာအနီးရှိ ၅ မိုင်စစ်ဆေးရေးဂိတ်နဲ့ ကံလယ်စစ်ဆေးရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၅ ရက် ညနေ ၄ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၅ မိုင်စစ်ဆေးရေးဂိတ်ကို Drone နဲ့ ဗုံးပစ်ချခဲ့သလို ၄၀ မမလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်း သွားရောက်ပစ်ခတ်ခဲ့တာလို့ သရက်ခရိုင်တပ်ရင်း ၄ သတင်းပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

"ကံလယ်တံတားဂိတ်ကို ဒရုန်းဗုံးသီးချပြီး ၅ မိုင်ဂိတ်ကိုပါ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါဗျ။ တိုက်ခိုက်ချိန် ၁ နာရီဝန်းကျင်ခန့် ကြာခဲ့ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခက်တာတွေလည်း ရှိတယ်။ လက်နက်ကြီးကျည် ပြည်သူနေအိမ်တွေပေါ်ကျလို့ ပျက်စီးဆုံးရှုံးမှုတော့ရှိပါတယ်။ ထိခိုက်သေဆုံးမှုတော့မရှိခဲ့ပါဘူး။” 

တိုက်ခိုက်မှုဖြစ်ပွားပြီး စခန်းကို သိမ်းပိုက်နိုင်ဖို့ အခြေအနေရောက်ပြီးမှ စစ်ကောင်စီဘက်က အင်အား ၁၅၀ ကျော်လာရောက်ပူးပေါင်းခဲ့တာကြောင့် လက်နက်ခဲယမ်းမလုံလောက်တဲ့အတွက် နောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုကို သရက်ခရိုင်တပ်ရင်း ၄၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့ လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့ (WOLF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024