စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းမှာ ပြည်သူတွေ စီးပွားရေးကျပ်တည်းလာပြီး တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့မှု လျော့နည်းလာတာကြောင့် ရိက္ခာဖြည့်တင်းနိုင်ဖို့ စပါးနဲ့ ဆီထွက်သီးနှံတွေ ကိုယ်တိုင်စိုက်ပျိုးနေတယ်လို့ ABSDF ကျောင်းသားတပ်မတော် အမှတ် ၁၂ တပ်ရင်းက ပြောပါတယ်။
လက်ရှိ နိုင်ငံတွင်းမှာ အထွေထွေအကျပ်အတည်းတွေ ဖြစ်ပေါ်နေပြီး ပြည်သူတွေ ဒုက္ခမျိုးစုံ ရင်ဆိုင်နေရကာ ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်မားနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေထောက်ပံ့မှု လျော့နည်းလာတဲ့အခါ ရိက္ခာအတွက် တတ်နိုင်သမျှ စိုက်ပျိုးပြီး ရိက္ခာဖူလုံရေး ဖြည့်တင်းနိုင်ဖို့ လုပ်ကိုင်ဆောင်နေတာဖြစ်တယ်လို့ ABSDF အမှတ် ၁၂ တပ်ဖွဲ့တာဝန်ရှိသူက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
“ABSDF အမှတ် ၁၂ တပ်ရင်းနဲ့ ABSDF ချင်းတွင်းဒေသ တပ်ရင်းတို့က မိမိတို့ အခြေစိုက်ရာ ဒေသတွေမှာ လယ်ယာစိုက်ခင်းတွေ တိုးချဲ့စိုက်ပျိုးခဲ့တာပါ။ ဒါ့အပြင် ပြည်သူတွေ ခက်ခဲလာတဲ့ အခါမှာလည်း မိမိတို့ တပ်တွင်းရိက္ခာတွေကို ပြန်လည်မျှဝေနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိ ပဲ၊ နှမ်း၊ စပါး ၁၀ ဧကကျော်ကို ကျောင်းသားတပ်မတော် စစ်ကြောင်း ၃ မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ စိုက်ပျိုးထားပါတယ်။”
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် ၁၂ တပ်ရင်း အနေနဲ့ ယောဒေသမှာ တပ်တွင်းရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုရဲ့ အကူအညီနဲ့ ဆီထွက်သီးနှံတွေ၊ စပါးနဲ့ တခြားသီးနှံတွေလည်း စိုက်ပျိုးထားရာ ဩဂုတ် ၁၅ ရက်က နှမ်းစိုက်ခင်းတွေ ရိတ်သိမ်းခဲ့ပါတယ်။
ABSDF တပ်ဖွဲ့ တာဝန်ရှိသူက“တပ်ဖွဲ့ပိုင် နှမ်းစိုက်ခင်း ၈ ဧကကျော် ရှိတယ်။ ဆီထွက်သီးနှံအတွက် အဓိက စိုက်ပျိုးထားပြီး တပ်တွင်းရိက္ခာ စားသုံးဆီအဖြစ် အသုံးပြုသွားမှာပါ” လို့ ပြောပါတယ်။
တပ်ရိက္ခာဖူလုံရေး စီမံချက်အဖြစ် မိုးစပါး ၃ ဧကကို ဒီနှစ် မိုးရာသီမှာ စိုက်ပျိုးထားပြီး တပ်ဖွဲ့ပိုင် စိုက်ခင်းတွေသာမက တပ်ဖွဲ့ဝင်မိသားစုတွေပိုင်တဲ့ လယ်စိုက်ခင်းတွေကိုလည်း ABSDF တပ်က ကူညီရိတ်သိမ်းပေးနေကြတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
ပြည်သူတွေလှူဒါန်းလာတဲ့ ငွေကြေးတွေကိုလည်း စနစ်တကျ စီမံခန့်ခွဲနေပြီး ရိက္ခာဝယ်ယူရေးအတွက် ကုန်ကျစရိတ်တွေကိုလည်း အခုလို စိုက်ပျိုးရေးလုပ်ငန်းက ရရှိလာတဲ့ ရိက္ခာတွေကြောင့် တခြားလိုအပ်တဲ့ စစ်ရေးလုပ်ငန်းနဲ့ စစ်ပစ္စည်း ဝယ်ယူရေးမှာ ပိုမိုအသုံးချနိုင်မှာ ဖြစ်တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။