Home
မြန်မာသတင်း
ဖားကန့် မြေပြိုမှုတွင် ၃၇ ဦးခန့်ပါသွားပြီး ၁၅ ဦး၏ ရုပ်အလောင်းတွေ့
DVB
·
August 15, 2023
Hpakant

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မှာ သြဂုတ် ၁၃ ရက် ညနေပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၃၇ ယောက်ကျော် ပါသွားပြီး ဒီအထဲက ၁၅ ယောက်ရဲ့အလောင်းကို ပြန်ရှာတွေ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

မြေစာပုံ ကမ်းပါးပြိုကျတဲ့အချိန် အောက်ခံနွံကန်အတွင်းက ရေအားရိုက်ခတ်မှုကြောင့် အနီးအပါးက လက်ယက်ကျင်းလုပ်ကိုင်သူတွေ၊ ရေမဆေးသမားတွေ မျောပါ ပျောက်ဆုံးခဲ့ပါတယ်။

လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၀ ဖွဲ့လောက်က မြေပြိုမှုကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို သြဂုတ် ၁၃ ရက်ကစလို့ ဒီနေ့အချိန်ထိ ဆက်တိုက် ရှာဖွေနေပါတယ်။

ဖားကန့် လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “လူသေဆုံးတာ ၃၇ ယောက် အပျောက်ရှိတယ်။ လောလောဆယ် ရာသီဥတုကတော့ မိုးရွာနေတယ်။ တဖျောင်းဖျောင်းပဲ။ ကျနော်တို့ကတော့ ပေါ်တဲ့အခါပဲ စောင့်ကြည့်ပြီး သယ်ရတာပေါ့။ ရှာဖွေရေးတွေက ဆင်းဖို့ကျ အဆင်မပြေဘူး၊ ရေက အနက်ကြီးလေ။ ပေက ၈၀၊ ၁၀၀ လောက် နက်တယ်။ အနည်းဆုံး ပေ ၁၀၀ အထက်မှာရှိတယ်။ အလောင်းပေါ်တဲ့အခါ ကောက်ရတာပေါ့။ ပေါ်လာတဲ့အခါ ကြိုးနဲ့ဆွဲရတာ။ မိုးများရင်တော့ ပြိုနိုင်တဲ့အနေအထားရှိတယ်။ ပြိုတဲ့နေရာတွေ ရေပေါက်ထွက်နေတာ။ ကျနော်တို့ အနည်းဆုံး ၁၀ သင်းရှိမယ်။ လောလောဆယ်တော့ စောင့်ကြည့်ပြီး ရှာဖွေနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖားကန့်ဆေးရုံကြီးကို ရောက်ရှိနေတဲ့ ကျောက်စိမ်းရှာဖွေသူ ၈ ယောက်က အသက်ရှင်ပြီး ကျန်ရှိနေတဲ့ ပျောက်ဆုံးရုပ်အလောင်း ၃၀ ကျော်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက် ရှာဖွေနေတာပါ။

သြဂုတ် ၁၅ ရက် နေ့လယ် ၁ နာရီအထိ နောက်ဆုံးသိရှိချက်အရ ရုပ်အလောင်း ၁၅ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ကြေညာထားပါတယ်။ လက်ရှိ ရာသီဥတု ဆိုးနေတာကြောင့် မြေထပ်ပြိုနိုင်တဲ့ အနေအထားရှိလို့ ကယ်ဆယ်ရေးသမားတွေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်တန့်ထားရတယ်လို့ ပြောပါတယ်။

ဖားကန့်ကယ်ဆယ်ရေးမှာ ပါဝင်သူတဦးက “အခုက မိုးများတော့ အန္တရာယ်ရှိနိုင်လို့ နားနေကြတာ။ ပေါ်မှပဲ သွားဆယ်တော့မယ်။ မိုးများနေလို့။ အတိအကျကတော့ ၃၇ ယောက်၊ အခု ရာသီဥတုက မိုးများနေတာ။ မိုးများတဲ့အခါကျတော့ နောက်ထပ် အန္တရာယ်ပြိုနိုင်တဲ့ အနေအထား ရှိတာပေါ့ ကမ်းပါးတွေက။ မိုးများတော့ ရေစီးကြောင်းများတယ်လေ။ ရေစီးကြောင်းများတော့ ပြိုနိုင်တဲ့အနေအထား များတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စွန့်ပစ်မြေစာတွေ ဖယ်ရှားတာ၊ ရေအောက်မှာ ရှာဖွေတာတွေ လုပ်ဆောင်ခဲ့ရာ ပြိုကျထားတဲ့ ကမ်းပါးနံရံတွေကနေ ရေတွေစိမ့်ထွက်လာပြီး မြေစာပုံအဟောင်းဖြစ်တာကြောင့် ထပ်မံ ပြိုကျခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းလုပ်ကွက်တွေမှာရှိတဲ့ မြေစာပုံတွေ ပြိုကျမှုတွေက နှစ်စဉ်နီးပါးဖြစ်နေပြီး အဲဒီမြေပြိုကျမှုတွေကြောင့် ရေမဆေးကျောက်တူးသမား ရာနဲ့ချီ သေဆုံးမှုတွေ ရှိနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသခံတဦးက “ပတ်ဝန်းကျင်အနေနဲ့လည်း စိုးရိမ်မှုရှိတာပေါ့။ ဒါပေမဲ့လည်း နှစ်တိုင်း ကြားနေရတာဆိုတော့လည်း ဘယ်လိုပြောမလဲ ရိုးသလို ဖြစ်နေတာပေါ့။ ဘယ်ဘက်ကမှ ကူညီဖြေရှင်းတာ မရှိပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ သဘောပါပဲ။ အကုန်လုံးကလည်း အဝေးကနေ လာတူးကြတာဆိုတော့ မိသားစုတွေအနေနဲ့လည်း စိုးရိမ်မှုတွေ ရှိတာပေါ့ဗျာ။ ဟိုအထဲ ပါပါ မပါပါ ဒီနယ်မြေမှာ လာနေတာဆိုတော့ စိတ်ခံစားမှုတွေ ရှိတာပေါ့။ နှစ်တိုင်းနီးပါးပါပဲ။ တနှစ်မဟုတ်တနှစ် ဒီလို ဆိုးဆိုးဝါးဝါး ကြုံတယ်လေ။ စည်းကမ်းမရှိ ထုတ်ယူမှုတွေပေါ့။ ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလေ။ ဖြစ်လာရင်တော့ ကိုယ်ဖြစ်ရင် ကိုယ်ခံရမယ်ဆိုတဲ့ သဘောပဲပေ့ါ။ အဓိကကတော့ ဘယ်လိုပဲနေနေပေါ့။ ဒီလိုမျိုး အန္တရာယ်တွေကြုံလာရင် မဖြစ်စေချင်ဘူး။ အတတ်နိုင်ဆုံး ထိန်းသိမ်းစေချင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက် ၂ မှာလည်း ကမ်းပါးပြိုကျမှု ဖြစ်ခဲ့ပြီး ရေချိုးနေတဲ့ လူ ၄ ယောက် ရေစီးနဲ့အတူ‌ မျောပါသွားကာ အမျိုးသမီးတယောက် သေဆုံးခဲ့ပါသေးတယ်။

ဖားကန့်မြို့နယ်က သယံဇာတတူးဖော်တဲ့ လုပ်ကွက်တွေက ထွက်ရှိတဲ့ စွန့်ပစ်မြေစာပုံတွေကြောင့် မြေပြို၊ ကျင်းပြိုမှုတွေ၊ နွံကန်ပေါက်မှုတွေကြောင့် နှစ်စဉ်ဆိုသလို ကျောက်စိမ်းတူးဖော်သူများစွာ သေဆုံးနေရတာပါ။ ၂၀၂၀ ခုနှစ်က ဖားကန့်ဒေသမှာ မြေစာပြိုကျမှုကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024