စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့၊ ရွှေညောင်ပင်အနီးမှာ ရွှေတူးနေတဲ့အဖွဲ့က လူ ၆ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်သွားပြီး ဘက်ဟိုးမောင်းသူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ပင်လယ်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “မနေ့က မြို့ထဲကထွက်လာပြီး ရွှေညောင်ပင် (ဒေသအခေါ်) မှာရှိတဲ့ ရွှေတွင်းမှာရှိတဲ့ လူ ၆ ယောက်ကို ပစ်သတ်တယ်လို့ သိရပါတယ်။ ရွှေညောင်ပင်ဆိုတာ ရွာမဟုတ်ပါဘူးဗျ၊ မူးမြစ်ရဲ့ အရှေ့ဘက်ခြမ်း ကောလင်း-ပင်လည်ဘူး ကားလမ်းမဘေး၊ ပင်လည်ဘူးမြို့နဲ့ ၅/၆ မိုင် လောက်တော့ ဝေးပါတယ်။ သေဆုံးသူတွေဟာ ဒေသခံလား၊ တခြားက လာရောက် လုပ်ကိုင်သူတွေလားတော့ မသိရသေးဘူးဗျ။ ဘက်ဟိုးမောင်းသူကိုလည်း လမ်းပြ ဓားစာခံ အဖြစ် ခေါ်သွားတယ်လို့ သိရပါတယ်။ မနေ့ ညနေ ၄ နာရီကျော်က လူသတ်သွားတယ်လို့ ကြားသိရတာပါ။ သွားတော့ စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူးဗျ။ လက်ရှိ စစ်(--)လမ်းကြောင်း ပိတ်နေပါတယ်။ မူလဲရွာနဲ့ ဟဲသတ်ရွာဖြတ်လမ်း ဇကပ်ပင်လမ်းခွဲမှာ စစ်(--)အုပ်စုက ပျောက်နေပါတယ်။ ဒါကြောင့် သတိပေးထားတာပါဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာ အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဟဲသတ်ကျေးရွာ ဇကပ်ပင်လမ်းခွဲမှာ ပုန်းခိုနေကြောင်း သတင်းရရှိတဲ့အတွက် ပြည်သူတွေ ရှောင်ရှားနေထိုင်နိုင်ကြဖို့ ပင်လည်ဘူးမြို့နယ် ပအဖ က အသိပေးထားပါတယ်။