ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်စခန်းကုန်း တိုက်ပွဲကြောင့် ကော့ကရိတ်-မြဝတီကို ဆက်သွယ်ထားတဲ့ မယ်ထော်သလေးလမ်းပိုင်းကို စစ်ကောင်စီက ပိတ်ထားလိုက်တယ်လို့ အဝေးပြေးယာဉ်မောင်းတွေဆီက သိရပါတယ်။
ဩဂုတ်လ အစပိုင်းကစတင်ပြီး မြန်မာနိုင်ငံတဝန်း မိုးကြီးရေလျှံပြီး အဝေးပြေးလမ်းမကြီးတွေ ပျက်စီးခဲ့ပြီး အဲဒီထဲကမှ ကော့ကရိတ်မြို့နဲ့ မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးပေါ်ရှိ လမ်းပိုင်းအချို့နေရာတွေမှာ တောင်ပြိုပြီး တံတားတွေလည်း ပျက်စီးခဲ့လို့ မယ်ထော်သလေး လမ်းဟောင်းကို အသုံးပြု သွားလာနေရပါတယ်။
အဝေးပြေးယာဉ်မောင်းတဦးက “အာရှလမ်းမကြီးက နောက်ထပ် တလလောက်သွားဖို့ အဆင်မပြေဘူး။ လမ်းတွေရော တံတားတွေရော မိုးများပြီး ပျက်စီးသွားတယ်။ အခု လမ်းဟောင်းကိုပဲ အသုံးပြုနေရတာ။ လမ်းဟောင်းက အကောင်းကြီးမဟုတ်ပေမဲ့ ကားလေးတွေ သွားလို့ရတယ်။ အဆင်း တစ်ရက်၊ အတက် တစ်ရက် သွားနေရတာ။ အခုက တိုက်ပွဲတွေဖြစ်နေလို့ လမ်းပိတ်ထားတာ အရင်ရက်ကလည်း ဖြစ်တယ်ဆိုပေမဲ့ အခုလောက် မကြမ်းဘူး။ အခု မနက်အစောပိုင်းထဲက လက်နက်ကြီးတွေနဲ့ ထုနေတာ အချက်ရေ အတော်များနေပြီ" လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ဗျူဟာကျတဲ့ လက်ခတ်တောင်ကုန်းကို KNUနဲ့ပူးပေါင်းတပ်တွေက ဇူလိုင်လအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီမှ အဲ့ဒီတောင်ကုန်းကို ပြန်လည်ရယူနိုင်ဆို့အတွက် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒီမနက် အစောပိုင်း ၂နာရီဝန်းကျင်လောက်ကတည်းက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခက်ထိုးစစ်ဆင်နေပြီး KNLA ကော်ဘရာ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
လက်ခတ်တောင်စခန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေပြီး တိုက်ပွဲ (၁၀)ကြိမ်အတွင်း ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရရှိကာ KNUနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်း ၁ ဦးကျဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဩဂုတ် ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အခုလို တိုက်ပွဲတွေများလာပြီး ကားလမ်းပိုင်း တချို့ပျက်စီးမှုတွေကြောင့် ထိုင်းနယ်စပ်နဲ့ ကုန်သွယ် စီဆင်းမှု ထိခိုက်ခဲ့သလို ကျန်းမာရေးအတွက် ဆေးဝါးကုသဖို့ အရေးပေါ် ခရီးသွားလာဖို့ လိုအပ်နေသူတွေ အခက်ကြုံနေရပါတယ်။
Photo : CJ