Home
မြန်မာသတင်း
လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေ
DVB
·
August 15, 2023
Lat Khat Taung Tower Camp
Corbra Column

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းကို KNLA၊ ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေက ဆက်ထိန်းထားပြီး စစ်ကောင်စီတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ဖို့ လက်နက်ကြီးတွေနဲ့ နေ့ ည အဆက်မပြတ် ပစ်ခတ်နေတဲ့အပြင်  လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်လာတယ်လို့ ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ပေါ်က စစ်ရေးဗျူဟာအရ အရေးပါတဲ့ တာဝါတိုင်စခန်းကုန်းကို KNLA ကော်ဘရာ တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက်  စစ်ကောင်စီဘက်က ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာ သီတင်းပတ်တွေနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

လက်ခတ်တောင်တကြောလုံးကို KNLA ၊ ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေက လက်ရှိအချိန်အထိ သိမ်းပိုက်ထားတဲ့အတွက် ဩဂုတ်လအတွင်း ၁၀ ကြိမ်ထက်မနည်း  လက်နက်ကြီးပစ်ကူရယူပြီး တောင်ခြေတဝိုက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် ချဉ်းကပ်လာခဲ့ရာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။  

ဩဂုတ်လ ၁၅ ရက် ဒီမနက် ၂ နာရီလောက်ကစတင်ပြီး စစ်ကောင်စီပူးပေါင်းတပ်တွေက လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေမှူး  ဗိုလ်ဒါဘောက ပြောပါတယ်။

တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီက  ပြန်လည်ရယူဖို့ ကြိုးစားလာမယ်ဆိုတာကို သိရှိထားတဲ့အတွက်  KNLA ၊ ကော်ဘရာ ပူးပေါင်းစစ်ကြောင်းတွေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပေမဲ့ ရှေ့တန်းရဲဘော်တွေအတွက် စစ်အသုံးဆောင်ပစ္စည်းတွေ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကော်ဘရာစစ်ကြောင်း ရှေ့တန်းရဲဘော်တစ်ယောက်ဖြစ်တဲ့ ပိုင်မှူးကိုကို က ပြောပါတယ်။

စစ်ကောင်စီတပ်တွေက  လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းကို သိမ်းယူဖို့ ကြိုးစားရာမှာ အထက်အမိန့်အရ လုပ်ဆောင်နေရပေမဲ့ ထိခိုက်သေဆုံးတာတွေ များလာတာကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းပြီး အောက်ခြေတပ်ဖွဲ့ဝင်တချို့ လက်ရောက်ပူးပေါင်းတာတွေ ရှိနေပါတယ်။ 

သြဂုတ် ၈ ရက်က တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၁၈ တပ်ရင်းက ဒု-တပ်ကြပ်တစ်ဦးနဲ့ တပ်သား တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ရှေ့တန်းစစ်မြေပြင်ကနေ KNLA၊ ကော်ဘရာစစ်ကြောင်းရှိရာကို ခိုလှုံခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ပူးပေါင်းလိုတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒမှိုင်းတွေကို မယုံဘဲ လာရောက်ပူးပေါင်းဖို့ စစ်ဆင်ရေးမှူးက တိုက်တွန်းပါတယ်။

ဇူလိုင်လ ၂၁ ရက်က စစ်ကောင်စီပူးပေါင်းစစ်ကြောင်းတွေက  လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ၁၀ ကြိမ်ထက်မနည်း ပြန်လာရယူဖို့ကြိုးစားခဲ့ရာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီး ၂ ယောက် အပါဝင် ၁၇ ယောက် သေပြီး ၃၄ ယောက် ဒဏ်ရာခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

ကော်ဘရာပူးပေါင်းစစ်ကြောင်းဘက်က ရဲဘော် ၁ ယောက် ကျဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရရှိကာ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို  ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

Photo- Cobra

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024