မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကျောက်အိုးကျေးရွာမှာ သြဂုတ် ၁၄ ရက် နေ့လယ် ၁ နာရီက ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်အိုးကျေးရွာမှာ နေထိုင်တဲ့ ကျေးရွာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးသောင်းမြင့်ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူ နှစ်ယောက်က လာရောက်ခေါ်ယူကာ လမ်းတနေရာမှာ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အိမ်မှာရှိနေတဲ့အချိန် ဆိုင်ကယ်နဲ့လာခေါ်ပြီး ကျောက်အိုးရွာအရှေ့ဘက် တောထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေနေတာ တွေ့တယ်။”
အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ကျောက်အိုးကျေးရွာ လမ်းမတလျှောက် စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း ကြံ့ခိုင်ရေးပါတီက ရပ်ကွက်နဲ့ ကျေးရွာ ဥက္ကဋ္ဌ၊ စည်းရုံးရေးမှူးတွေ နေ့စဥ် လုပ်ကြံသတ်ဖြတ်ခံရတာတွေ ဆက်တိုက်ဖြစ်နေပါတယ်။
တောင်ငူမြို့နယ်၊ ကျေးအင်းထုံးဖိုကျေးရွာမှာလည်း သြဂုတ် ၁၃ ရက် ညနေလေးနာရီက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ဦးခင်မောင်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အလားတူ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ အမှတ် ၄ ရပ်ကွက်မှာလည်း သြဂုတ် ၁၂ ရက်က ရာအိမ်မှူးနဲ့ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဦးဆန်းညွန့်နဲ့ ဇနီးဖြစ်သူ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဦးဆန်းညွန့် သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
ဒါ့အပြင် သြဂုတ် ၆ ရက် မနက် ၇ နာရီခွဲကလည်း တောင်ငူမြို့နယ်၊ ဇီးကုန်းနဲ့ ကမ္ဘာနီကျေးရွာ တာဘောင်ပေါ်မှာ ဇီးကုန်းကျေးရွာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ အပါအဝင် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသူ ၂,၄၀၀ နီးပါးရှိတယ်လို့ ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်ထားပါတယ်။ အခုစာရင်းနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။