ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်တခုမှာ ကမ်းပါးပြိုကျလို့ ရေလှိုင်းနဲ့ အတူမျောပါ ပျောက်ဆုံးနေသူတွေထဲက ရုပ်အလောင်း ၁၄ လောင်းအထိ ရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။
ဒီကနေ့ မနက် ၉ နာရီလောက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းတွေထဲက ၂ ယောက်သာ အမည်သိရှိရပြီး ကျန်သူတွေကတော့ ပိုင်ရှင်မဲ့ရုပ်အလောင်း ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ရုပ်အလောင်းရှာဖွေရာမှာ သတိထား ဆောင်ရွက်နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။
“မိုးကလည်း တအားရွာနေတာ။ ရေထဲဆင်းရတာ အဆင်မပြေဘူး။ အလောင်းကတော့ တလောင်းပြီး တလောင်း ပေါ်နေတာပဲ။ အဲဒီတော့ ဆင်းဆယ်ရတာပေါ့။ ၁၄ လောင်း ဆယ်ထားပြီးပြီ။”
လူပျောက် လာရောက်တိုင်ကြားထားတဲ့ စာရင်းတွေအရ ပျောက်ဆုံးနေသူ ၃၆ ယောက်ရှိပြီး စာရင်းတွေထက်လည်း ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ ကျောက်စိမ်းတောင် လုပ်ကွက်မှာ ဩဂုတ် ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က မြေပြိုကျချိန် ရေလှိုင်းပုတ်ခတ်မှုကြောင့် နွံကန်ဘေးမှာ လက်ကျင်းတူးနေသူတွေနဲ့ ရေမဆေးကျောက် ရှာဖွေသူတွေ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။