ရန်ကုန်မြို့မှာ စားအုန်းဆီဈေးဟာ တပိဿာကို ကျပ် ၁၀,၀၀၀ ကျော်ရှိလာပြီး ဈေးဆိုင်တချို့မှာ လိုသလောက် မရောင်းဘဲ အကန့်အသတ်နဲ့ ရောင်းတာမျိုးရှိလာနေတယ်လို့ ဝယ်ယူသုံးစွဲသူတွေထံက သိရပါတယ်။
စားအုန်းဆီဈေးမှာ လက်လီရောင်းချတဲ့ဆိုင်တွေမှာ တပိဿာကျပ် ၁၀၀၀၀ စျေးရှိနေပြီး အိမ်ဆိုင်တွေမှာ ကျပ် ၁၁၀၀၀ နဲ့ရောင်းချနေတာလို့ ဆိုပါတယ်။
ပန်းဘဲတန်းမြို့နယ်မှာ ထမင်းဆိုင်ဖွင့်ထားသူတဦးက “ပြီးခဲ့တဲ့ရက်ကတော့ ၉၀၀၀ ဈေး ပြန်ဖြစ်သွားသေးတယ်။ အခု ဈေးပြန်တက်တယ်။ အကျပြပြီး ပြန်တက်တာများပါတယ်”လို့ ပြောပါတယ်။
အဲဒီလို စားအုန်းဆီဈေး မြင့်နေသလို ဆိုင်ကြီးတချို့က လူအရေအတွက်ပေါ် မူတည်ပြီး အကန့်သတ်နဲ့ ရောင်းချနေတာမျိုးတွေ ရှိနေတယ်လို့လည်း သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်စံပြစျေးမှာ ကုန်စုံဆိုင်ဖွင့်ထားသူတဦးက ပြောပါတယ်။
“အရင် လေး၊ ငါးရက်က အရောင်းပိတ်ထားတာတောင် ရှိတယ်။ အခုက ပြန်တော့ရောင်းပေးနေတယ်။ လိုသလောက်တော့ မရဘူး။ တယောက်ကို ဘယ်နှပိဿာပဲ ရမယ် ဆိုတာမျိုးတွေ ရှိနေတယ်။”
စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ သြဂုတ် ၂၀ ရက်အထိ ရည်ညွှန်ဈေးမှာ စားအုန်းဆီ တပိဿာကို လက်ကားဈေးဟာ ၄၀၃၅ ကျပ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ သတ်မှတ်ဈေးနှုန်းထက် နှစ်ဆကျော် ရှိနေတာဖြစ်လို့ ဝယ်သူသုံးစွဲသူတွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။