မက္ကဆီကိုနိုင်ငံ၊ ဗယ်ရာခရုဇ်ပြည်နယ်ရှိ အဆောက်အအုံတချို့မှာ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အနည်းဆုံး လူ ၁၃ ဦးရဲ့ အလောင်းရုပ်ကြွင်းတွေကို ရဲတွေက တွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက သြဂုတ် ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီလို စက်ဆုပ်ကြောက်လန့်စရာ ရာဇဝတ်မှုမှာ သံသယရှိသူ ၆ ဦးကိုလည်း အခုချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း ဆိုပါတယ်။
ပါဝင်ပတ်သက်သူ အရေအတွက်နဲ့ သူတို့ ဘယ်သူဘယ်ဝါတွေဆိုတာ သိရှိနိုင်ဖို့ ကွင်းဆင်းစစ်ဆေးမှုနဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေ ဆက်လုပ်ဆောင်နေကြောင်း ဗယ်ရာခရုဇ်ရဲ့ ရှေ့နေချုပ် ဗရော်နီကာ ဟာနန်ဒက်ဇ်က ပြောပါတယ်။
အခုတွေ့ရှိထားတဲ့ အလောင်းတွေဟာ တချို့သတင်းတွေမှာ မှားယွင်းဖော်ပြနေတဲ့ အရင်နှစ်တွေက အသတ်ခံရ၊ ပျောက်ဆုံးသွားတဲ့ ဆရာအတတ်သင် ကျောင်းသား ၃၄ ဦးရဲ့ အလောင်းတွေ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
သူတို့စုဆောင်းခဲ့တဲ့ ပထမဆုံး သဲလွန်စတွေအရ အလောင်း ၁၃ လောင်းထက်မနည်း ရှိနိုင်ပြီး ဖော်ထုတ်ရေးလုပ်ငန်းစဉ်အတွင်း နောက်ထပ် ပေါ်လာနိုင်ခြေရှိကြောင်းလည်း သူကပြောပါတယ်။
မက္ကဆီကိုပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက် ရေနံကြွယ်ဝတဲ့ ဗယ်ရာခရုဇ်ပြည်နယ်ဟာ လူကုန်ကူးတာနဲ့ မူးယစ်မှောင်ခိုလုပ်ငန်းတွေအပြင် တခြား ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်ရာ ဗဟိုချက်ဖြစ်နေတာ ကြာမြင့်နေပါပြီ။
အစိုးရအချက်အလက်တွေအရ အခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာပဲ ဗယ်ရာခရုဇ်မှာ လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
Source - Reuters