စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မြန်မာဝမ်ပေါင် ကုမ္ပဏီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အင်း ၁၀၀ လောက်ဟာ သြဂုတ် ၁၄ ရက် မနက် ၉ နာရီ မိနစ် ၄၀ လောက်က ပုသိမ်-မုံရွာလမ်းအတိုင်း မြောက်အရပ်ကို ဦးတည်စစ်ကြောင်းထိုးပြီး ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာတွေက ပြည်သူ ၇ ဦးထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်က ပြောပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် တာဝန်ခံ ကိုသက်ဦးက “ဝမ်ပေါင်က (--)တွေက ပုသိမ်-မုံရွာလမ်းအတိုင်း စစ်ကြောင်းထိုးတယ်။ ကံကုန်း၊ ဒုန်းတော ကျေးရွာက ဒေသခံ ၇ ယောက်မက အဖမ်းခံထားရတယ်ဗျ။ အခု လတ်တလော ဂုဏ်တောကျေးရွာမှာ တပ်စွဲထားပြီး တချို့စခတွေက ပုသိမ်-မုံရွာ လမ်းတလျှောက် ကင်းပုန်းဝပ်နေကြတယ်လို့ သိရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒေသခံတဦးကလည်း “စစ်ကြောင်းထိုးတာက ရုတ်တရက်ဆိုတော့ တချို့လည်း မသိလိုက်ဘူး။ လတ်တလော အတည်ပြုနိုင်တာက ကံကုန်းရွာက ၅ ယောက် ဓားစာခံ ဖမ်းခံထားရတယ်။ ဒုန်းတောကျေးရွာကလည်း ၅ ယောက်ခန့် အဖမ်းခံရတယ်။ အတည်ပြုနိုင်တာက ၇ ယောက်တော့ သေချာတယ်။ စစ်ဘေးရှောင်ရင်း လူစုကွဲနေတာဆိုတော့ ၁၀ ယောက်ထက်လည်း ပိုကောင်းပိုနိုင်မယ်။ အဆက်သွယ်တော့ မရဘူး။ ဒါကြောင့် အတည်ပြုဖို့ ခက်တယ်” လို့ ပြောပါတယ်။
မွန်းတည့် ၁၂ နာရီလောက်မှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က သံပြားကာ ကားတစီးဟာ အင်အား ၃၅ ဦးခန့်နဲ့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းကို ကူးကာ ပုသိမ်-မုံရွာ လမ်းအတိုင်း တောင်အရပ်ကို မောင်းနှင်လာပြီး လက်ပံတောင်းတောင် စီမံကိန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကြသလို ဂုဏ်တောကျေးရွာ ဘုန်းကြီးကျောင်းမှာလည်း အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒေသခံ ၇,၀၀၀ လောက် စစ်ဘေးရှောင်နေရတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်ကနေ သိရပါတယ်။