စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၁၃ ရက် ညနေပိုင်းမှာ မီးရှို့ကာ ပေါက်ကန်ရွာကိုလည်း လေယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဝက်လက်မြို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီဘက်က ဝင်လက်မြို့နယ်အတွင်းကို အခုလို ပြုလုပ်လာတာကြောင့် ငါးပတ်ချောင်းရွာက ဒေသခံတွေနဲ့ ပေါက်ကန်ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ နေကြရတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ဝက်လက်ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ဗိုလ်ကျားကြီးက “ငါးပတ်ချောင်းရွာကတော့ ရှိမ်းမကားရွာကနေ ဧရာဝတီမြစ်အတိုင်း မော်တော်နဲ့လာတဲ့ စစ်ကောင်စီက ဒီနေ့ ဩဂုတ် ၁၃ ရက် ညနေ ၃ နာရီခွဲက မီးလာရှို့တာဗျာ၊ လာလာချင်းကို လက်နက်ကြီးတွေနဲ့ အတင်းပစ်ပြီး ရွာပေါ်ကိုတက်ပြီး မီးရှို့တာ။ အင်အားက ၈၀ လောက်ရှိမယ်ထင်တယ်။ ကျနော်တို့ဘက်က ရှင်းလင်းရေး မဝင်သေးဘူး။ အဲလိုမဝင်သေးတော့ မီးလောင်ဆုံးရှုံးတဲ့ အိမ်ခြေစာရင်း အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အခု စစ်ကောင်စီမီးရှို့တဲ့ ငါးပတ်ချောင်းရွာဟာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တဆက်တည်းမှာပဲ ဝက်လက်မြို့နယ် ပေါက်ကန်ရွာကိုလည်း စစ်ကောင်စီက လေယာဉ် ၂ စီးနဲ့ ညနေ ၄ နာရီကျော်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ရွာသားတွေထံကနေ သိရပါတယ်။
ပေါက်ကန်ရွာသားတဦးက“သူတို့ လေယာဉ်နဲ့လာပစ်တာကတော့ ကျနော်တို့ရွာအနီးက မီးရထားသံလမ်းကို ပြင်ရအောင်လို့ ရွာထဲက ပြည်သူတွေကို ရွာထဲမနေရဲအောင်လို့ ပစ်ခတ်တာ ဖြစ်နိုင်တယ်ဗျ။ အခု မီးရထားသံလမ်းပြင်တဲ့ ရထားတွေ ပဒူရွာကို ရောက်နေတယ်။ သူတို့ လေယာဉ်နဲ့ပစ်လို့ ရွာက အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရထားတယ်။ ဒဏ်ရာရတဲ့သူတွေထဲက အမျိုးသား ၃ ဦးရဲ့ အသက်တွေက ၃၀ ကျော်တဦး၊ ၄၀ ကျော်တဦးနဲ့ ၅၀ အရွယ် တဦးပါဗျ။ အမျိုးသမီးကလည်း ၅၀ ကျော်ပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်လို့ ပေါက်ကန်ရွာတောင်ပိုင်းမှာရှိတဲ့ အထက စာသင်ကျောင်းနဲ့ စာသင်ကျောင်းအရှေ့ဘက် ကပ်လျက်ရှိတဲ့ ပြည်သူ့နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပြီး ရွာတောင်ပိုင်းက ပြည်သူ့နေအိမ်တလုံး နံရံပွင့်ထွက်ခဲ့တယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။