ချင်းပြည်နယ်မှာ ဩဂုတ်လ အစောပိုင်းကစပြီး မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် မင်းတပ်-မတူပီ ကားလမ်းမကြီး ပျက်စီးခဲ့ပါတယ်။
မင်းတပ်-မတူပီ လမ်းမကြီးပေါ်က မင်းတပ်မြို့နဲ့ ၅၇ မိုင်ကျော်ဝေးတဲ့ နေရာမှာ လမ်းအရှည် တဖာလုံလောက် ပျက်စီးခဲ့တာပါ။
လမ်းပျက်စီးတဲ့နေရာက အမြင့်ပေ ၈,၀၀၀ နီးပါးမြင့်ပြီး မြေထိန်းနံရံ မရှိတဲ့အတွက် နှစ်စဉ် မိုးရာသီတိုင်း တောင်ပေါ်ကပြိုကျတဲ့ ကျောက်တွေက လမ်းပေါ်ကျပြီး လမ်းပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ပြည်သူတွေရဲ့ ဘဏ္ဍာငွေအခွန်နဲ့ ပျက်စီးသွားတဲ့လမ်းပိုင်းကို ပြုပြင်ခဲ့တယ်လို့ ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆလိုင်းယောမာန်က “မိုးက အခုချိန်အထိ ရွာနေဆဲမို့ သွားရေးလာရေး ခက်ခဲတယ်။ မိုးကြီးတော့ ချောင်းကူးတံတားတချို့လည်း ရေစီးနဲ့ပါသွားတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ချင်းပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ပလက်ဝမြို့နယ်မှာလည်း လူနေအိမ် အလုံး ၂၀ နီးပါးနဲ့ မြေထိန်းနံရံတွေလည်း ပျက်စီးခဲ့ပါတယ်။