“ငြိမ်းချမ်းရေးဟာ ထောင်ချောက်လား၊ အခွင့်အရေးလား”
ဒီကာလမှာ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ထံက ငြိမ်းချမ်းရေးဆိုတဲ့ လေသံ ခပ်စိပ်စိပ်လေး ကြားကြားလာရတယ်။ ဒါဟာ ဘာကိုပြတာလဲဆိုတော့ သူ့ရဲ့စစ်တပ်က စစ်မျက်နှာ အများကြီးဖွင့်ပြီး မတိုက်နိုင်တော့ဘူးဆိုတာ ပြတာပါပဲ။ ဒေသနေ LPDF တွေ အားကောင်းတဲ့ စစ်ကိုင်းတို့လို နေရာတွေကို စစ်မျက်နှာ အကြီးအကျယ်ဖွင့် တိုက်ပေမဲ့ သူ့စစ်တပ်က အတော်ကြီး အထိနာတဲ့အခါ “ကြွက်မနိုင် ကျီမီးရှို့” ဗျူဟာကို ထုတ်သုံးလာရပါတယ်။ “PDF မနိုင် ပြည်သူ့အိမ် မီးရှို့” ဆိုပြီး စကားပုံတောင် ပြောင်းရမလို ဖြစ်နေပါပြီ။
ဒါကိုလည်း ပြည်သူလူထုကြားထဲမှာ သူ့စစ်တပ်က ကျင့်သုံးနေတယ်။ အရှက်မရှိကို ဗြောင်လိမ်ဗြောင်စား လုပ်နေပါတယ်။ စစ်ရေးမှာ သိပ်ပြီး အောက်တန်းကျတဲ့ နည်းဗျူဟာပါပဲ။ တော်လှန်ရေးလုပ်နေတဲ့ အစ်ကိုကို မဖမ်းနိုင်လို့ အိမ်က ကျန်းမာရေးမကောင်းတဲ့ ညီကို ဖမ်းတယ်။ ငွေညှစ်တယ်။ ခြိမ်းခြောက်တယ်။ PDF လုပ်နေတဲ့ ညီမကို ဖမ်းမရလို့ အိမ်က ကုန်စိမ်းရောင်းနေတဲ့ အမကို ဖမ်းသွားတယ်။ ပြီးတော့ ငွေညှစ်၊ ငွေနဲ့ ပြန်ရွေးခိုင်း၊ ဒါတွေဟာ စကစစစ်တပ်ရဲ့ စုတ်ပဲ့တဲ့ လုပ်ကွက်တွေပါပဲ။
“မအလက သူကိုယ်တိုင်တွေ့မယ်တဲ့”
မင်းအောင်လှိုင်က သူကိုယ်တိုင်တွေ့မယ်လို့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတခုမှာ ကျနော်တို့ ကြားခဲ့ရပါသေးတယ်။ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျောပါပဲ။ အခုလည်း ရှင်းပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စစ်မျက်နှာမဖွင့်နိုင်တော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သူကိုယ်တိုင် တွေ့ပါမယ် ပြောခဲ့တာပါ။ နောက်တော့လည်း ပြည့်တန်ဆာမလောက်တောင် သီလမလုံပြန်ပါဘူး။
စစ်တပ်က ကာချုပ်တယောက်အနေနဲ့ အင်မတန်အရှက်မဲ့တဲ့ လုပ်ရပ်ပါပဲ။ ပြီးခဲ့တဲ့ (သူတို့အခေါ်) တပ်မတော်နေ့ အခမ်းအနားမှာ PDF တွေနဲ့ ကူညီ ပူးပေါင်းသူများကို အပြတ်ချေမှုန်းမယ်။ ဘာညာဆိုပြီး သွေးရူးသွေးတန်းပြောသွားပြီး နောက်တော့လည်း သူမဟုတ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သူကိုယ်တိုင်တွေ့မယ် ပြောခဲ့ပြန်တယ်။ အဲဒါတွေဟာ သူဆင်ထားတဲ့ ငြိမ်းချမ်းရေး ထောင်ချောက်ပါပဲ။ ကျနော်တို့ ညီအစ်ကို မောင်နှမ တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ တခါသေဖူးရင် ပျဉ်ဖိုး နားလည်လောက်ပါပြီ။ နားလည်မယ်လို့လည်း ကျနော်တို့ ယုံကြည်ပါတယ်။
“ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ မအလ”
အန်အယ်လ်ဒီ အစိုးရလက်ထက်က ၂၁ ရာစု ပင်လုံညီလာခံမှာလည်း တိုင်းရင်းသားခေါင်းဆောင်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောခဲ့တာ ရှိပါတယ်။ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းပါနဲ့” တဲ့။ အခုတော့ သူပြောခဲ့တဲ့ စကားပုံက သူကိုယ်တိုင် ပြန်ဖြစ်နေပြီ။ သူ့ကို ကျနော်တို့က ပြန်ပြောရမလို ဖြစ်နေပါပြီ။
ငြိမ်းချမ်းရေးဆိတ်ခေါင်းကြီး ချိတ်ပြီး စစ်မိစ္ဆာက တော်လှန်ရေးဦးကျိုးသွားအောင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (INUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသား တော်လှန်ရေး မဟာမိတ်တွေ (EROs) ကို သပ်လျှိုသင်းခွဲစေတဲ့ ခွေးသားရောင်းဖို့ ကြံစည်နေပြီ။ အဲဒါဟာ စစ်ကောင်စီ မအလရဲ့ အကြံပက်စက်တဲ့ ငြိမ်းချမ်းရေး ထောင်ချောက်ပါ။ သွေးချင်းညီနောင် ခေါင်းဆောင်တွေအနေနဲ့ မအဘူးလို့ ကျနော်တို့ ယုံကြည်မျှော်လင့်ပါတယ်။
“၁၉၄၇ က ခွဲထွက်ရေး ထောင်ချောက်”
စစ်ကို မုန်းလို့ ငြိမ်းချမ်းရေးကို လိုချင်မက်မောကြလွန်းလို့ မြန်မာပြည်သူလူထုကြီး တရပ်လုံးက စစ်အာဏာလု တရားမဝင် စစ်ကောင်စီကို တော်လှန်လာလိုက်ကြတာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်ပါပဲ။ မြန်မာပြည်သူလူထုဟာ ၁၉၄၈ တုန်းက ပါလီမန် ဒီမိုကရေစီနဲ့ ခရီးဆက်ခဲ့ကြတာ အရှေ့တောင်အာရှမှာ ထိပ်တန်းရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ အစစအရာရာ ဖွံ့ဖြိုးအတိုးတက်ဆုံး ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်ခဲ့ပါတယ်။
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ နိုင်ငံတော်ကို စီမံခန့်ခွဲ အုပ်ချုပ်ခဲ့ကြတာ။ ရန်ကုန်မြို့ဆိုရင် အခု ကျနော်တို့က သိပ်ပြီးအားကျနေကြရတဲ့ စင်ကာပူလို အာရှကျားနိုင်ငံကတောင် အထင်တကြီးနဲ့ အားကျခံခဲ့ရတဲ့မြို့။ ဒါပေမဲ့ ၁၉၄၇ အခြေခံဥပဒေဟာ တိုင်းရင်းသားလူနည်းစုတွေကို နိုင်ငံရေးအရ တန်းတူညီမျှခွင့်တွေ ပေးတဲ့ အခွင့်အရေးတွေတော့ အာမခံချက် မပါရှိခဲ့ပါဘူး။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာရှင် အချို့က ထောက်ပြကြတယ်။
ဒါကြောင့် ၁၉၅၈ မှာ ရှမ်းပြည်နယ်က ရှမ်းမူ သို့မဟုတ် ၈ ပြည်နယ်မူကို တင်သွင်းလာခဲ့တာပါ။ ၁၉၄၇ အခြေခံဥပဒေမှာ ၁၀ နှစ်ပြည့်က ခွဲထွက်လိုက ခွဲထွက်နိုင်တယ်လို့ ယုံကြည်မှုအရ အဲဒီအချက်ကို ခေါင်းဆောင်ကြီးတွေက ထည့်ပေးခဲ့တယ်။
ဒါပေမဲ့ အဲဒီခွဲထွက်ခွင့်ဟာ တိုင်းရင်းသားလူနည်းစုတွေအတွက် အခွင့်အရေးမဖြစ်ခဲ့ဘဲ ဦးနေဝင်း စစ်တပ်ရဲ့ ထောင်ချောက်ဖြစ်ခဲ့တယ်။ ဦးနေဝင်းဟာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖျက်သိမ်းပြီး ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကာ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ မြန်မာပြည်ကို ဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံကတော့ ဒီမိုကရေစီပါ ဆိတ်သုဉ်းခဲ့တာပါ။ အဲဒီရဲ့ အကျိုးဆက်ကတော့ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) စာရင်း ဝင်သွားခြင်းပါပဲ။ ကမ္ဘာ့ချမ်းသာတဲ့ နိုင်ငံတွေက ပေးစာ ကမ်းစာကို တဆာဆာတောင်းစားရတဲ့ သူတောင်းစားနိုင်ငံ ဖြစ်သွားရတယ်လို့ ပြောချင်တာပါပဲ။
“ငြိမ်းချမ်းရေးဟာ အခွင့်အရေးလား ထောင်ချောက်လား”
အခုလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့ စကားသံဟာ ဘာနဲ့တူသလဲဆိုတော့ ပြည့်တန်ဆာမကို မုဒိမ်းကောင်ရဲ့ သက်ညှာမှုမျိုးလိုပါပဲ။ စကားပုံတခု ရှိပါတယ်။ ကျားသနားမှ နွားချမ်းသာ တဲ့။ အခုက မအလ သနားမှ ခင်ဗျားတို့ ချမ်းသာရမယ့် အပေါက်ပါ။ အခုဟာက မင်းအောင်လှိုင်က ကျားမဟုတ်တော့ စစ်ခွေးဆိုပြီး အညာပြည်သူတွေက သံချပ်ထိုးပြီး အို့ အို့ လို့ ခေါ်နေကြပေပြီ။ စစ်ခွေးနဲ့ ပချပ် မလိုက်ဖက်သလိုပါပဲ။
၂၁ ရာစု ပင်လုံမှာ သူပြောခဲ့သလိုပါပဲ။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းပါနဲ့လို့ သူ့ကို ဝိုင်းပြောကြရတော့မှာ။ သမိုင်းကိုသိရင်၊ ဒီသားရေကို ဖင်ခုမထိုင်လောက်တော့ပါဘူး။ တခါ အလိမ်ခံရရင် ကိုယ်က ရိုးသားလို့ပါ။ အကြိမ်ကြိမ်အခါခါ အလိမ်ခံထိရင်တော့ ကျနော်တို့ တော်တော်ကို ညံ့ရာကျပါလိမ့်မယ်။ ၁၉၄၇ တုန်းက ခွဲထွက်ရေးဟာ ကျနော်တို့အတွက် အခွင့်အရေးမဖြစ်ဘဲ ထောင်ချောက်ဖြစ်ခဲ့တယ်။ အခု ၂၀၂၃ မှာလည်း ငြိမ်းချမ်းရေးဟာ အခွင့်အရေးမဖြစ်ဘဲ နွေဦးတော်လှန်ရေးရဲ့ ထောင်ချောက်ပဲဆိုတာ သတိချပ်ကြဖို့ ရဲဘော်ရဲဘက် မဟာမိတ်တွေကို စာလက်ဆောင် ပါးလိုက်ရပါတယ်။ ချစ်ခြင်းမေတ္တာ ဉာဏ်ပညာ၊ ကိုယ်ကျင့်သိက္ခာ၊ သစ္စာတရားနဲ့ ရဲဘော်ရဲဘက် မဟာမိတ်ဆက်ဆံရေးတို့ကိုသာ ယုံကြည်မြတ်နိုး ထွေးပိုက်ထားကြပါလို့ တိုက်တွန်းလိုက်ပါရစေ...။
အရေးတော်ပုံ မုချအောင်မြင်ရမည်။