မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ သူစိုးရွာနဲ့လက်ဝဲရွာကြားရှိ နယ်မြေခံပြည်သူ့ကာကွယ်ရေး PDF စခန်းငယ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် လက်နက်နဲ့ခဲယမ်းပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီကျော်အချိန်ခန့်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ Natogyi People Defence Force အဖွဲ့ ယာယီစခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခက်မှုတွေရှိခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက "တောင်သာနဲ့နွားထိုးကြီးကြားမှာ စစ်အုပ်စုကို မိုင်းဆွဲပြီးအပြန် ဆိုင်ကယ်ပျက်လို့ ပြင်နေတဲ့အချိန် ကျနော်တို့ ရဲဘော် ပေါက်စီ ပစ်ခက်ဖမ်းစီးခံလိုက်ရတယ်။ သူ့ကိုဖမ်းပြီး စခန်းတွေလိုက်ပြခိုင်းလို့ အခုလို စီးနင်းခံလိုက်ရတာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။
နွားထိုးကြီးမြို့နယ် မြောက်ဘက်မှာရှိတဲ့ NPDF ယာယီ စခန်းဝင်ရောက် စီးနင်းခံခဲ့ရပြီး သေနတ်အရှည် ၃ လက်၊ ပစ္စတို ၁ လက်၊ ကျည်ဘောက် ၁၇ ခု၊ ကျည်နဲ့ ခဲယမ်းတွေ သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီထောက်ခံသော တယ်လီဂရမ်ချန်နယ်တွေမှာတော့ နွားထိုးကြီးမြို့နယ် PDF စခန်းတခုကို စစ်ကောင်စီက ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို အသေပစ်ခက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပေမဲ့ အဲ့ဒီ ၂ ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ NPDF တပ်ဖွဲ့က အတည်ပြုပြောဆိုထားပါတယ်။
"ဓာတ်ပုံထဲက အလောင်းတွေက ကျနော်တို့ တပ်ဖွဲ့ဝင်တွေမဟုတ်ဘူး။ ကျနော်တို့ အားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ လက်နက်နဲ့လူအင်အား မမျှလို့ စခန်းနဲ့လက်နက်ပစ္စည်းတွေ အသိမ်းခံလိုက်ရတယ်။ ဓာတ်ပုံထဲက လူနှစ်ဦးကတော့ ဘယ်သူတွေလဲ မသိရသေးဘူး။ အခြားအဖွဲ့တွေကို စုံစမ်းကြည့်တော့လည်း တပ်ဖွဲ့ဝင်တွေမဟုတ်ကျဘူးလို့ ပြောတယ်။ စစ်ကောင်စီ စစ်ကြောင်းကတော့ သူတို့စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်က ပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေတော့ လုပ်လေ့ရှိတယ်။ အဲ့ဒီလူတွေကိုပဲ PDF တွေပါဆိုပြီး သတင်းလွင့်တာ" လို့ ဒီဗွီဘီကို ပြောပါတယ်။