မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လမိုင်းရွာအုပ်စု၊ ကျောက်တံတားကျေးရွာမှာ သြဂုတ် ၁၂ ရက် မနက်ပိုင်းက ရွှေတံတားလူမှုကူညီရေး ပရဟိတအသင်း ဥက္ကဋ္ဌကို ဆိုင်ကယ်စီး လက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသွားသူဟာ ကျောက်တံတားရွာမှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးမြင့် ဖြစ်ပြီး အဲဒီနေ့ မနက် ၇ နာရီလောက်က အသင်းရုံးခန်းရဲ့အရှေ့မှာ ထိုင်နေချိန် ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ အမျိုးသား ၄ ဦးက သေနတ်နဲ့ ၅ ချက်ကျော် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
မြို့ခံပရဟိတအသင်း တာဝန်ရှိသူတဦးက “မျက်နှာနဲ့ ခေါင်းတဝိုက်ပဲ အပစ်ခံရတာပါ။ အားလုံး ၅ ချက်ကျော်တယ်၊ ရုံးရဲ့အရှေ့လေးမှာ ထိုင်နေတုန်း အပြင်ကနေ ပစ်သွားတာလို့ ပြောတယ်။ ကျောက်တံတားရွာက ပရဟိတအသင်းဥက္ကဋ္ဌပါ” လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ပရဟိတအသင်းဥက္ကဋ္ဌ ဦးမြင့်ဟာ မျက်နှာနဲ့ နဖူး ကျည်ထိမှန်ဒဏ်ရာ၊ နောက်စေ့မှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်နဲ့ လည်ပင်းမှာ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်တို့ ရရှိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီ မတ္တရာရဲတပ်ဖွဲ့က လာရောက်စစ်ဆေးသွားတယ်လို့ သိရပြီး ဦးမြင့်ကို ဘယ်လက်နက်ကိုင်အဖွဲ့က ဘာကြောင့် သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မတ္တရာမြို့နယ်မှာပဲ သြဂုတ် ၉ ရက်က မော်နီကုန်းရွာ၊ ဘုန်းကြီးကျောင်းက ဝါတော် ၂၀ ရှိ ကျောင်းထိုင်ဘုန်းကြီးတပါးကို လူတစုက ဓားနဲ့ခုတ်သတ်ကာ ဘုန်းကြီးပိုင် ရွှေထည်နဲ့ ငွေသားတွေ လုယူသွားပါသေးတယ်။