စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပျူစောထီးရွာသားတွေဆီကနေ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ တအိမ်ထောင်ကို တလ ကျပ် ၂၀၀၀၀ နှုန်းနဲ့ ကောက်ခံနေသလို ရိက္ခာလည်း ထောက်ပံ့ပေးနေရတယ်လို့ ရွာသားတွေထံက သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ်သားတွေဟာ နောက်တန်းကနေ ထောက်ပို့တာ အားနည်းနေတာကြောင့် ဒေသခံပျူစောထီးရွာသားတွေဆီက ငွေကြေးကောက်ခံတာနဲ့ ရိက္ခာပို့ခိုင်းတာဖြစ်ပြီး ရွာသားတွေကိုလည်း ပျူစောထီးအဖွဲ့ဝင်အဖြစ် ဝင်ခိုင်းနေတယ်လို့ ထွက်ပြေးလာတဲ့ ပျူစောထီးတယောက်က ပြောပါတယ်။
“မဝင်ချင်တဲ့သူကို မရမက ဝင်ခိုင်းတဲ့ဟာကြီး ဘယ်ကလာ ကျနော်တို့ကလည်း လုပ်နိုင်မလဲ။ ကျနော်တို့ ပထမ ပြီးခဲ့တဲ့ ၆ လလောက်အထိ နှစ်သောင်းပေးရတယ်ဗျ တအိမ်ကို၊ အခုကျတော့ ၁၇၀၀၀ ပေးရတယ်ဗျ။ တလကို ထမင်းဘာညာကျွေးရတာက ၆ ကြိမ်လောက်ကျတယ်။ ဟင်းကောင်းတခွက်၊ ဟင်းကြမ်းတခွက် ကျနော်တို့ရပ်ရွာပြည်သူကတော့ ပိုပေးမှ၊ အဲ့လိုပုံစံနဲ့သွားတာ။”
စစ်ကောင်စီတပ်သားတွေက ပျူစောထီးရွာသားတွေကို စစ်မှုမထမ်းမနေရပုံစံမျိုး ပြောဆိုခိုင်းစေပြီး ရှေ့တန်းစစ်မျက်နှာမှာ အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။ ရေရှည်မှာ အသက်အန္တရာယ်ရှိလာတာ၊ မတရားအနိုင်ကျင့်ခံရတာတွေကြောင့် ပျူစောထီးရွာသား တချို့ ထွက်ပြေးလာကြပြီး PDF တွေနဲ့ ပူးပေါင်းတာတွေ ရှိလာပါတယ်။
ကန့်ဘလူ၊ ကျီကုန်းကျေးရွာအုပ်စု ပျူစောထီးရွာသားတယောက်က “အသက် ၁၈ နှစ်ကနေ ၄၈ နှစ်ကြားကိုမှ မြန်မာနိုင်ငံသားတိုင်း စစ်ဥပဒေမထမ်းမနေရ မူဘောင်နဲ့ လာတာလား။ အဲ့သလိုမူ ဘောင်နဲ့လာတာဆို ကျနော်တို့ လူကြီးသားသမီးတွေ ပါတာလားဆိုတော့ သူတို့သားသမီးတွေတော့ လွတ်တယ်။ အဲ့လိုဆိုရင် ကျနော်တို့က လက်သင့်မခံနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုတော့ ကျနော်တို့တော့ ကိုယ့်ဘာသာ လွတ်ကြောင်းရှာရတော့မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်ခဲ့တာ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ နယ်မြေထိန်းချုပ်ဖို့ခက်လာတဲ့ စစ်ကောင်စီဟာ ပျူစောထီးရွာတွေကို အခြေပြုနေထိုင်ကြသလို ပျူစောထီးတွေဟာလည်း စစ်ကောင်စီခြေရာနင်းပြီး ဒေသခံရွာတွေကို တိုက်ခိုက်တာ၊ ဓားပြတိုက်တာတွေ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၀ ရက်ကစပြီး မုံရွာဆိပ်ကမ်းကထွက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ရေယာဉ်တွေဟာ ကနီ၊ ဘုတလင်မြို့နယ်အပါအဝင် ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာတွေကို ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ပြီးထောက်ပို့ လမ်းကြောင်းတွေကို ရှင်းလင်းနေပါတယ်။
စစ်ကောင်စီ ရေယာဉ်တွေကို PDF တွေက စနိုက်ပါတွေနဲ့ချောင်းမြောင်း ပစ်ခတ်ပြီး ပြန်လည် လက်တုံ့ပြန်ကြပေမဲ့ လက်နက်အင်အားမမျှတာကြောင့် ပြည်သူတွေဘက်က အထိနာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးရာသီမြစ်ပြင်ကျယ်တဲ့ အချိန်ဖြစ်တာကြောင့် စစ်ကောင်စီ ရေယာဉ်တွေကို PDF တွေက ကမ်းဘေးကနေ တိုက်ခိုက်ဖို့ အဝေးပစ်လက်နက်မရှိလို့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်းမရှိပါဘူး။
ကနီကျောက်လုံးကြီးအဖွဲ့တာဝန်ရှိသူတစ်ဦး "ကျနော်တို့ ရဲဘော်တွေ သေနတ်တွေကတော့ မထိရောက်ဘူးထင်လို့မို့ စနိုက်ပါနဲ့ပဲအဓိကသုံးပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဖလက်ပေါ်မှာ လမ်းလျှောက်နေတဲ့ စခတကောင် သေဆုံးတယ်ပေါ့။ ကနီမြို့ဆိပ်ကမ်းကပ်ပြီးတော့ ကနီမြို့ဆေးရုံမှာ ဆေးကုသခံယူရင်း သေဆုံးသွားတယ်ဗျ"လို့ ပြောပါတယ်။
ဘုတလင်ဒေသခံတစ်ဦးကလည်း "သူတို့မော်တော်က ၉ စီး၊ ၂ စီးပူးကတတွဲ အားလုံး ၉ စီး။ ပစ်တာကတော့ မြစ်အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်း၊ လက်နက်ကြီးတွေနဲ့ပဲပစ်တာ။ လက်နက်ငယ်သိပ်တောင် မသုံးဘူး။ လက်နက်ကြီးတွေ တအားများတယ်။ ရွာတွေပေါ်ကိုကျတာ၊ မြစ်နဲ့ကို တမိုင်ကျော် ၂ မိုင် အထိရောက်တဲ့ဟာတွေရှိတယ် ကျည်တွေက”လို့ ပြောပါတယ်။
စစ်ကောင်စီက မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရိုးအတိုင်း အထက်ကိုဆန်တက်ပြီး လက်နက်နဲ့ ရိက္ခာထောက်ပို့ပေးနေရာမှာ မြစ်ကျဉ်းနေရာတွေကို စစ်ရေယာဉ်တွေမဝင်ခင် မြစ်ကမ်းပါးရွာတွေကို စစ်တပ်က မြေပြင်ထိုးစစ်ဆင်တာ၊ စစ်ရေယာဉ်တွေပေါ်ကနေ ကမ်းပါးဘေးရွာတွေကို ဆက်တိုက်ပစ်ခတ်ပြီး လမ်းကြောင်း ရှင်းတာစတဲ့ ဒီနည်းလမ်းတွေအသုံးပြုနေတာဖြစ်ပါတယ်။