မန်ယူအသင်းပရိသတ်တစ်ဦးအဖြစ် ထာဝရဆက်ရှိနေမှာဖြစ်ကြောင်း ကွင်းလယ်လူဖရက်ဒ်က နှုတ်ဆက်စကားဆိုသွားပါတယ်။
ဘရာဇီးကွင်းလယ်လူဟာ တူရီကီကလပ်ဖီနာဘာချီအသင်းဆီကို ပေါင် ၁၃ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာပါ။
သူဟာ ၂၀၁၈ ခုနှစ်က ယူကရိန်းကလပ်ရှက်တာဒိုး ညက်ဇ်ကနေပြောင်းရွှေ့လာသူဖြစ်ပြီး စုစုပေါင်း ၂၁၃ ပွဲကစားခဲ့ပြီး ၁၄ ဂိုးသွင်းခဲ့ပါတယ်။
ကစားသမားဘဝရဲ့ အလှပဆုံးနေ့ရက်တွေ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံးအသင်းရဲ့ဂျာစီကို ဝတ်ဆင်ကစားခွင့်ရခဲ့တာ ဂုဏ်ယူစရာကောင်းကြောင်း၊ ခြေစွမ်းအတက်၊ အကျတွေရှိခဲ့သည့်တိုင် ပွဲစဉ်တွေမှာတင်မကဘဲ လေ့ကျင့်ရေးကွင်းမှာပါ အကောင်းဆုံးကြိုးစားခဲ့ကြောင်း ဖရက်ဒ်ကပြောပါတယ်။
အရာအားလုံးအတွက် ကျေးဇူးတင်ရှိပြီး မန်ယူအသင်းပရိသတ်အနေနဲ့ ထာဝရဆက်ရှိနေ မှာဖြစ်ကြောင်း ဖရက်ဒ်က သူ့ရဲ့ နှုတ်ဆက်စာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။