မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တဲ့ ရှယ်ယာရှင်သစ်ကို တိကျသေချာတဲ့ အနာဂတ်စီမံကိန်း ချပြဖို့ မန်ယူပရိသတ်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မန်ယူအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁ ဒသမ ၂၅ ဘီလီယံနဲ့ ယူကေ စီးပွားရေးလုပ်ငန်းရှင် ဆာဂျင်ရတ်ကလပ်ဖ်က ဝယ်ယူခဲ့ပြီး အသင်းရဲ့ စီမံခန့်ခွဲမှုတွေကိုလည်း တာဝန်ယူသွားမှာပါ။
အဲဒီအပေါ် မန်ယူပရိသတ်အဖွဲ့တခုဖြစ်တဲ့ MUST က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ အနာဂတ်အစီအစဉ်တွေကို တိကျသေချာစွာ ချပြဖို့လည်း တောင်းဆိုခဲ့ကြတာပါ။
ပရိသတ်တွေအနေနဲ့ ခံစားချက်တွေ ရောထွေးနေပြီး ရှယ်ယာရှင်သစ်ကို ကြိုဆိုပေမဲ့ ကနဦး သတင်းထွက်နေတဲ့ ၂၅ ရာခိုင်နှုန်းထက် ပိုပြီးဝယ်ယူဖို့ မျှော်လင့်ကြောင်း မန်ယူပရိသတ်အဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် အားကစားဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ထိန်းချုပ်လုပ်ဆောင်မယ်လို့ သိရပေမဲ့ အနာဂတ်စီမံကိန်းသစ်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှုသစ်က အသင်းရဲ့ အကျိုးစီးပွားကို ဘယ်လိုတိုက်ရိုက်အကျိုးပြုမလဲဆိုတာ ရှင်းပြဖို့လိုအပ်ကြောင်း မန်ယူပရိသတ်အဖွဲ့က တောင်းဆိုသွားပါတယ်။
သတင်းတွေအရတော့ ရှယ်ယာရှင် ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ ဆာဂျင်ရတ်ကလစ်ဖ်အနေနဲ့ အသင်းကို ပေါင် သန်း ၃၀၀ လောက် ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။
Photo-Reuters