Home
မြန်မာသတင်း
စစ်​ကောင်စီက ၂ နိုင်ငံ သဘောတူစာချုပ်ကို ချိုးဖောက်ပြီး အခွန် ၂ ထပ်ကောက်နေသည့်ကိစ္စ ဂျပန်အစိုးထံ တင်ပြမည်
DVB
·
December 25, 2023
Tax_25122023

စစ်ကောင်စီဟာ ဂျပန်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားတဲ့ အခွန်နှစ်ထပ် မကျသင့်ရေး သဘောတူစာချုပ်ကိုဖောက်ဖျက်ပြီး  မြန်မာအလုပ်သမားတွေဆီက ဝင်ငွေခွန်ကောက်နေတဲ့အပေါ် ဂျပန်အစိုးရထံ တင်ပြသွားမယ်လို့ NUG အစိုးရရဲ့ မြန်မာကိုယ်စားလှယ် စောဘလှသိန်းက ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်တဲ့ အလုပ်သမားရေးရာ အသိအမြင်မြှင့်တင်ရေးစကားဝိုင်းမှာ ဂျပန်ရောက် မြန်မာလုပ်သားတွေကို စစ်ကောင်စီက ဝင်ငွေခွန် ဖိ​အားပေးကောက်ယူနေတာနဲ့ ပတ်သက်လို့ ပြောသွားတာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီက အခွန်နှစ်ထပ်မကျသင့်ရေး သဘောတူစာချုပ်ချိုး ဖောက်နေတာ နဲ့ပတ်သက်လို့ ဂျပန်လွှတ်တော်အမတ်တွေကို အသိပေးထားပြီးဖြစ်သလို သူတို့အနေနဲ့လည်း အခြေအနေ စောင့်ကြည့်နေတယ်လို့  စောဘလှသိန်းက ပြော ပါတယ်။

"အဲဒါကိုတားဆီးနိုင်ဖို့ ကန့်ကွက်ဖို့ အလုပ်သမားဝန်ကြီးဌာန (NUG) ထုတ်ပြန်စာ ထွက်လာရင် လွှတ်တော်မှာ တင်ပြပြီး ဆက်လက်လုပ်ကိုင်သွားမှာတွေရှိတယ်။"

စစ်ကောင်စီအနေနဲ့  ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက ဝင်ငွေထပ်ကောက်နေတာဟာ နိုင်ငံအတွက် သိက္ခာကျစရာဖြစ်နေတာကြောင့် ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချတယ်လို့ NUG ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ လာအို၊ ယူကေ၊ ဂျပန် စတဲ့နိုင်ငံတွေနဲ့ နိုင်ငံသားတွေ အခွန်နှစ်ထပ် မကျသင့်ရေး အစိုးရချင်း တရားဝင် သဘောတူ စာချုပ်ရေးထိုးထားတာကြောင့် သက်ဆိုင်ရာ နိုင်ငံရောက် အလုပ်သမားတွေဟာ ရောက်ရှိရာ နိုင်ငံ အစိုးရဆီမှာပဲ အခွန်ပေးဆောင်ဖို့ တာဝန်ရှိတာဖြစ်တယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက နှစ်နိုင်ငံ သဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ပြည်ပရောက် မြန်မာအလုပ်သမားတွေထံကနေ လစာရဲ့ ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ဖို့ အဓမ္မ ဖိအားပေး တောင်းခံနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေရရှိရေး အခုလို အလုပ်သမားတွေဆီက ငွေလုယူနေတာ လက်ခံနိုင်စရာ မရှိဘူးလို့ NUG အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

လက်ရှိမှာ မြန်မာအလုပ်သမားတွေ အများဆုံး သွားရောက်လုပ်ကိုင်နေတဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေမှာ စစ်ကောင်စီက ဝင်ငွေခွန် စတင်ကောက်ယူနေပြီး အခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးပေးမယ်ဆိုပြီး အကျပ်ကိုင်ထားတယ်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေဆီက သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024