အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် ဇိုခွါသာရ် အနီးတဝိုက်မှာရှိတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတွေကို ရူပီး ၇ သိန်းဖိုး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ICA က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ဘေးရှောင်စခန်း ၇ ခုကို တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေနဲ့ အမျိုးသမီးသုံးပစ္စည်းတွေ၊ စာသင်ကျောင်းသုံး သင်ထောက်ကူပစ္စည်းတွေ၊ ဆေးဝါးတွေ၊ စခန်းတည်ဆောက်ဖို့ ပစ္စည်းတွေနဲ့ လီတာ ၁၀၀၀ ဆံ့ ရေပုံးတွေကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယရူပီး ၅၀,၀၀၀ ကျော် တန်ဖိုးရှိတဲ့ စာသင်ကျောင်းသုံး သင်ထောက်ကူပစ္စည်းတွေကို စစ်ဘေးဒုက္ခသည် ကျောင်းသူ၊ ကျောင်းသားပေါင်း အယောက် ၃,၀၀၀ ကျော်အတွက်နဲ့ ကျောင်းဆရာ၊ ဆရာမ ၇ ဦးအတွက် ထောက်ပံ့ကြေး အိန္ဒိယရူးပီး ၁၀၀,၀၀၀ ကျော်ကိုလည်း လှူဒါန်းပေးခဲ့တယ်လို့ ICA တာဝန်ရှိသူဆီက သိရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် အိန္ဒိယရူပီး ၁၅၀,၀၀၀ ကျော်နဲ့ တောင်ပေါ်ဒေသ ဖြစ်တဲ့အတွက် ရေသိုလှောင်ဖို့အတွက် ရေပုံးတွေနဲ့ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် မိုးကာလိတ် ၄၂ ခုကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။
ICA အတွင်းရေးမှူး ဆလိုင်းဗန်ဆွီးဆန်က “စစ်ဘေးရှောင်တွေရဲ့ ပထမဆုံး လိုအပ်ချက်က နေအိမ်ပေါ့နော်၊ သူတို့က မိုးကာနဲ့ တဲထိုးနေရတော့ တနှစ်တခါ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ တကိုယ်ရေသန့်ရှင်းမှုပေါ့နော် လူအများကြီး စုနေရတဲ့သဘောမျိုး ဖြစ်နေတာ။ အပေါ့ အလေးက အစ လိုချင်တွေအများကြီး ရှိနေပါသေးတယ်။ သူတို့မှာ ဘာဝင်ငွေမှမရှိပါဘူး။ ဘာအလုပ်မှလည်း မရှိဘူး။ ဒီဘက်ကျတော့ အလုပ်အကိုင် အခွင့်လမ်းကိုက အရမ်းနည်းနေတာပါ။ နောက်ဆုံးအနေနဲ့ကတော့ mental health အရမ်းကို လိုအပ်နေကြပါတယ်” လို့ ပြောပါတယ်။
ချင်းပြည်နယ်ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေး တိမ်းရှောင်နေကြရသူ ၆၀,၀၀၀ ကျော်ရှိတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ အခုနှစ် အောက်တိုဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။