Home
မြန်မာသတင်း
ညောင်ရွှေတွင် လူငယ် ၁ ဦး စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံး
DVB
·
December 24, 2023
NyaungShwe Youth killedby SAC_24122023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့မှာ စစ်ကောင်စီက လူငယ် ၁ ယောက်ကို PDF လို့ စွပ်စွဲ ဖမ်းဆီးပြီး စစ်ကြောရေးမှာ ရက်ရက်စက်စက် နှိပ်စက်တာကြောင့် သေဆုံးခဲ့ရတယ်လို့ မိသားစုဝင်တွေဆီက ‌‌‌‌‌‌‌‌‌‌‌‌‌‌သိရပါတယ်။

မိုင်းလီ ၁ ရက်ကွက်နေ  ကိုရဲဇော်ဟိန်းကို  ဒီဇင်ဘာ ၁၁ ရက် နေ့မှာ စရဖက တပ်ကြပ်ကြီး သိန်းဇော်၊ တပ်ကြပ်ကြီး နိုင်လင်း၊ တပ်ကြပ်ကြီး ကိုဖြိုး၊ အင်းပျူစောထီး တချို့နဲ့ ရဲတွေပါဝင်တဲ့ အင်အား ၂၀ လောက်က လာရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့မှာတော့ ကိုရဲဇော်ဟိန်း အသက်ရှူကြပ်တယ်လို့ ဆိုပြီး ညောင်ရွှေမြို့၊ ခိုင်မေတ္တာ ဆေးရုံမှာ တင်ထားတာကို မိသားစုဆီ အကြောင်းကြားလာခဲ့ပါတယ်။

မိသားစုတွေ လိုက်သွားချိန်မှာ ကိုရဲဇော်ဟိန်းဟာ အောက်ဆီဂျင် ၂၀ အောက်ကျနေပြီး မိသားစုတွေရောက်ပြီး ၁၀ မိနစ်အတွင်းမှာပဲ သေဆုံးခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

“ဘယ်ဘဝရဲ့ဝဋ်ကြွေးလဲ မသိဘူး။ ကလေး သေသွားတော့ အိမ်သယ်ပြန်ခွင့် သူတို့ ခွင့်ပြုခဲ့တယ်။ အိမ်ပြန်ရောက်တော့ ကလေးရဲ့ ခန္ဓာကိုယ်ရင်ဘတ်နဲ့ နောက်ကျောမှာ သေနတ်၊ တုတ်နဲ့ ထုထားတဲ့ အရာတွေ၊ မီးနဲ့တို့ထားတဲ့အရာတွေ မဲပြာနေတယ်။ ခေါင်းလည်း ရောင်နေပြီး သွားတချို့ မရှိတော့ဘူး။ နံရိုးတွေလည်း ကျိုးနေပြီ။ ခြေထောက် နှစ်ဖက်စလုံးလည်း ဓားနဲ့လှီးထားတဲ့ အရာတွေ။ ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရတာ” လို့ ပြောပါတယ်။

ညောင်ရွှေမြို့နယ်မှာ နေထိုင်သူ လူငယ်တယောက်ကလည်း ဒီလိုဖြစ်စဉ်တွေကို လတိုင်း ကြားနေရပေမဲ့ ဒီဖြစ်စဉ်ကတော့ အဆိုးရွားဆုံးပဲလို့ ပြောပါတယ်။

“သူတို့က ဖမ်းချင်တဲ့လူကို ဖမ်းတယ်။ ဖမ်းပြီဆိုလည်း ဘာမှ ရှင်းပြခွင့် မရဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ အရမ်းရက်စက်တယ်။ တခါတလေ ကိုယ့်အိမ်မှာ ကိုယ် နေတာတောင် သူတို့ ဘယ်နေ့ လာဖမ်းမလဲ စသဖြင့် အတွေးစိုးရိမ်စိတ်ရှိတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်ကလည်း ညောင်ရွှေမြို့ပေါ်ရောက် ကရင်နီစစ်ရှောင် ၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၁၂ ယောက် ပြန်လည်လွတ်မြောက်လာပေမယ့် ကျန် ၃ ယောက်ရဲ့ သတင်းအစအန မရသေးဘူးလို့ စစ်ရှောင်တာဝန်ခံတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024