ခူမီးအမျိုးသားပါတီဟာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဆီမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး ခွင့်ပြုကြောင်းကို ဩဂုတ် ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ကြေညာခဲ့ပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း အိမ်အမှတ် ၆ မှာ ဖွင့်လှစ်ထားတဲ့ ခူမီးအမျိုးသားပါတီကို စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့်ပြုခဲ့တယ့်အပေါ် ခူမီးလူမျိုးတွေက သဘောမကျဘူးလို့ သိရပါတယ်။
အခုအချိန်မှာ စစ်ကောင်စီနဲ့ မပတ်သက်သင့်ဘဲ အားလုံးက တော်လှန်ရေးမှာ ကြိုးစားနေကြတဲ့အချိန် အခုလိုပါတီထောင်တာဟာ တော်လှန်ရေးအတွက် စိတ်ဝမ်းကွဲစေတယ်လို့ ခူမီးတိုင်းရင်းသားတွေက ထောက်ပြပြောဆိုပါတယ်။
ပလက်ဝမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တရားမဝင်တဲ့ စစ်ကောင်စီဆီမှာ မှတ်ပုံတင်တဲ့ ကိစ္စတွေကို ကျနော်တို့ ထပ်ပြောစရာအကြောင်း မရှိပါဘူး။ သူတို့သမိုင်း သူတို့ရေးကြတာပါ” လို့ ပြောပါတယ်။
အခုနိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ ခူမီးအမျိုးသားပါတီဟာ ခူမီး(ခမီ) အမျိုးသားပါတီကို ဖျက်သိမ်းပြီး အဲဒီပါတီ လူကြီးတွေက အမည်သစ်နဲ့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့တာဖြစ်ပါတယ်။