စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုက မီးဘေးသင့် စစ်ရှောင်ပြည်သူ ၁၀၀ ဝန်းကျင်ကို ဆန်၊ ဆီနဲ့ လူသုံးကုန်ပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့ကြတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဩဂုတ် ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
စုစုပေါင်းတန်ဖိုး ၁၆ သိန်း ကျော်ကို အနာဂတ်အလင်းတန်းများ အဖွဲ့ရဲ့ ကူညီမှုနဲ့ သြဂုတ် ၁၁ ရက်နေ့က ဒုတိယအကြိမ်မြောက် လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဝင်တယောက်က "ညောင်ပင်ကြီးအုပ်စု ကျေးရွာတွေက မီးဘေးသင့် ပြည်သူ အိမ်ထောင်စု ဦးရေ ၁၀၀ ဝန်းကျင်ပါဗျ ။ အတိကျမသိရသေးဘူးဗျ၊ စာရင်း မလုပ်ရသေးလို့ပါဗျ။ လှူခဲ့တဲ့ ပစ္စည်းတွေကတော့ အခြေခံ လူ့အသုံးဆောင်တွေပါ။ ဒန်အိုးတို့၊ ဆန်၊ ဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ ပါဗျ။ စုပေါင်း ငွေကြေး တန်ဖိုးအားဖြင့် ၁၆ သိန်းကျော်ဖိုးပါဗျ။ ဖြည့်စွက် ပြောလိုတာကတော့ အညာဒေသ ပြည်သူများအတွက် ပစ်တိုင်းထောင်တွေအမြဲရှိနေပါ့မယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
အခု ဒုတိယအကြိမ်မြောက် ထောက်ပံ့ကူညီလှူဒါန်းရာမှာ တအိမ်ထောင်ကို ဆန် တပြည်၊ ဆီ ၅၀ ကျပ်သား၊ ဒန်အိုး တလုံး၊ ဇလုံ နှစ်လုံး၊ ဇွန်းကြီး နှစ်ချောင်း၊ ဇွန်းသေး နှစ်ချောင်း၊ ငါးသေတ္တာ တဘူး၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ မားမား နှစ်ထုပ်နဲ့ ရေပုံး တပုံးနှုန်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။