မြန်မာလက်ဝှေ့ကျော်တယောက်ဖြစ်တဲ့ ဒေဝ(ခေါ်) ဒေ့ဗ်ဟာ လက်ဝှေ့လောက ကနေ အနားယူပြီလို့ ကြေညာလိုက်ပြီး စစ်အာဏာသိမ်းတာနဲ့ပတ်သက်တဲ့စာတချို့ကိုတော့ သူ့ရဲ့ကြေညာချက်မှာ ပြင်ဆင်ပယ်ဖျက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ ဩဂုတ် ၁၁ ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောဆိုခဲ့တာဖြစ်ပြီး မြန်မာ့လက်ဝှေ့ကို ကမ္ဘာကသိအောင်လုပ်ပေးနိုင်ခဲ့အတွက် ဂုဏ်ယူသလို ရန်ကုန်၊ သိမ်ဖြူ အားကစားကွင်းမှာ အမြဲလာအားပေးကြသူတိုင်းကို ကျေးဇူးတင်တယ်လို့ အစချီထားပါတယ်။
ပြီးတော့ အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးဆီက ဂုဏ်ပြုလက်မှတ်ကို ရရှိခဲ့တဲ့ အတွက် အထူးဂုဏ်ယူမိတယ်လို့လည်း ဆိုပါတယ်။
သူဟာ အမေရိကန်မှာ ခါးပတ်ကာကွယ်ပွဲကို နောက်ဆုံးထိုးသတ်ခဲ့ပြီး ကမ္ဘောဒီးယားချန်ပီယံနဲ့ တပွဲထိုးဖို့တော့ ကျန်သေးတယ်လို့ ဆိုပါတယ်။
သူ အနားယူမယ်လို့ ကြေညာချိန်မှာ မြန်မာနိုင်ငံကို စစ်တပ်က သိမ်းယူခဲ့တဲ့ ၂ နှစ်အတွက် သူ့အတွက် စိုးရိမ်သောကတွေရောက်ခဲ့ရသလို ဒီအကြောင်းကို လူအများသိစေဖို့လည်း ကြိုးစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးတော့ ဖိုးသော်လို့ လက်ဝှေ့သမားတွေ အများအပြား ဖမ်းဆီးခံရတာ၊ ရိုက်နှက်ခံရတာနဲ့ သူ့ရဲ့ ပြိုင်ဘက်ဖြစ်ခဲ့ဖူးသူ တူးတူးဟာလည်း အချုပ်ထဲမှာ သေဆုံးသွားတာကို သိရလို့ ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီအချက်တွေကို ဖြုတ်ပစ်ခဲ့ပြီး ဒီကာလဟာ မြန်မာနိုင်ငံအတွက် အလွန်ဝမ်းနည်းစရာကောင်းတဲ့ အချိန်ဖြစ်တယ်လို့ပဲ ဖော်ပြထားပါတယ်။
ဒေ့ဗ်ဟာ နိုင်ငံတကာ စိန်ခေါ်သူ အများအပြားနဲ့ ထိုးသတ်ခဲ့ပြီး ILFJ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်၊ Air KBZ အောင်လံချန်ပီယံရှစ်၊ MLWC အိုးပင်းဝိတ်ချန်ပီယံရှစ်နဲ့ WLC ခါးပတ်တွေနဲ့ ရွှေခါးပတ် ချန်ပီယံဆု ၉ ကြိမ်ရခဲ့ပါတယ်။