ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း-စပယ်ကုံးကျေးရွာသွားလမ်းမှာ သြဂုတ် ၁၂ ရက် ညနေ ၆ နာရီ ၄၀ လောက်က စပယ်ကုံးကျေးရွာသား စီးပွားရေးလုပ်ငန်းရှင်တယောက်ရဲ့ အိမ်စီးကားတစ်စီးကို (ARSA) အာဆာရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က မီးရှို့ပြီး ကားပေါ်ပါလာသူ နှစ်ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ကျေးရွာတာဝန်ရှိသူက ပြောပါတယ်။
ကြောင်းလောင်း ဒုံကျေးရွာအုပ်ချုပ်ရေးမှူးက “စပယ်ကုံးကျေးရွာက စီးပွါးရေး လုပ်ငန်းရှင်တစ်ဦးရဲ့ ကားနဲ့အတူ ပါလာသူတွေကို အာဆာက ဖမ်းဆီးသွားတာ။ သူတို့စီးလာတဲ့ကားကိုလည်း မီးရှို့သွားခဲ့ကြတယ်” လို့ ပြောပါတယ်။
ကားမီးရှို့ခံရပြီး ဖမ်းဆီးခံရသူတွေကတော့ မောင်တောမြို့နယ်၊ စပယ်ကုံးကျေးရွာမှ မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင် ဦးလှဝင်းနဲ့ သူတပည့်ဖြစ်ကြသူတွေဖြစ်ပြီး သူတို့ နှစ်ဦးကို အာဆာတပ်ဖွဲ့က ကြိမ်ချောင်းကျေးရွာ အရှေ့ဘက်တောတန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင် ဒေသခံတွေက ဆိုပါတယ်။
ဒီဖြစ်မှာကိုယ်တွေ့ကြုံခဲ့ရတဲ့ မျက်မြင်ဒေသခံအမျိုးသမီးတဦးက "ကျမတို့ လင်မယားနှစ်ယောက်က ကြိမ်ချောင်းကို စျေးတက်ဝယ်ကြတာ။ ကြိမ်ချောင်း တောင်ရွာအနီးမှာ ယူနီဖောင်းဝတ်ပြီး မျက်နှာစွပ်ထားကာ သေနတ်တွေကိုင်ထားတဲ့သူတွေက ကျမတို့ လင်မယားကို ဒူးထောက်ခိုင်းပြီးဖမ်းထားတာ။ သူတို့က မြန်မာစကားနဲ့ ပြောတယ်။ မင်းတို့ကိုဘာမှမလုပ်ဘူး။ ဒီမှာထိုင်နေပါလို့ပြောတယ်။ ခဏကြာတော့ သူတို့ဆီဖုန်းဝင်လာတယ်။ မွတ်ဆလင်စကားနဲ့ ပြောကြတာ၊ ကားကစပယ်ကုန်းကအခုထွက်သွားပြီးလို့ ဖုန်းဆက်လာတာ။ အဲ့ဒီအချိန်မှာ ကျမတို့လင်မယား နှစ်ယောက်ကို အမြန်သွားကြဆိုပြီး လွှတ်ပေးလိုက်တယ်။ နောက်ကို လှည့်ကြည့်လိုက်တော့ ယူနီဖောင်းနဲ့ သေနတ်တွေကိုင်ထားသူ ၂၅ ဦးလောက်တွေ့ခဲ့တယ်"လို့ ပြောပါတယ်။
ဦးလှဝင်းကို အာဆာအဖွဲ့က ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ မောင်တောမြို့နယ်၊စပယ်ကုံးကျေးရွာနေ စီးပွားရေးလုပ်ငန်းရှင် ဦးလှဝင်းဟာ ပုဇွန်ကန်နဲ့ တခြားစီးပွါးရေးလုပ်ငန်းများစွာလုပ်ကိုင်နေသူဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် အကြမ်းဖမ်ဖြစဉ်မတိုင်ခင်က စပယ်ကုံးကျေးရွာမှာ အိမ် ခြေ ၂၀၀ ကျော်ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ သူတို့ မိသားစု သုံးအိမ်နဲ့ တခြားမိသားစု တအိမ်သာ ကျန်ရှိတာ ဖြစ်ပါတယ်။