တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဗိုလ်တယောက်နဲ့ ပျူစောထီး ၂ ယောက်တို့ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၁ဝ ရက် ညနေပိုင်းမှာ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာနားမှာ ပျူစောထီး ကိုဂွမ်မိုး ဆိုသူ လောင်းလုံးမြို့ပေါ် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ ဆိုင်ကယ်စီးပြီး ပြန်လာချိန်မှာ ထားဝယ် ပကဖ DDT တပ်ဖွဲ့နဲ့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့တို့က စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီး ကိုဂွမ်မိုး သေဆုံးခဲ့ပါတယ်။
ကိုဂွမ်မိုးကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်ထိပ်တခုနဲ့ ဖုန်းတလုံးကို သိမ်းဆည်း ရမိတယ်လို့ ထားဝယ် ပကဖ က ဓာတ်ပုံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၈ ရက် ကလည်း လောင်းလုံးမြို့နယ်၊ ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင် အပါအဝင် ပျူစောထီး ၁၀ ယောက်လောက်လိုက်ပါလာတဲ့ ကားတစီးနဲ့ ဆိုင်ကယ်တစီးကို ကျောက်ဝပ်ပြင်ရွာနားမှာ လောင်းလုံး ပကဖ က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ တပ်ရင်းက ဗိုလ်ကြီး ဝေမင်းသူနဲ့ ပျူစောထီး ကိုစုကန်းဆိုသူတို့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
လောင်းလုံး ပကဖ ပြန်ကြားရေး တာဝန်ခံက "ပျူစောထီးတယောက်နဲ့ဗိုလ်တယောက် သေတယ်။ ချစ်စမ်းမောင်ကိုယ်တိုင်လည်း ဒဏ်ရာရတယ်။ ကျန်တဲ့ ၃ ယောက်လည်း ဒဏ်ရာရတယ်" လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ပျူစောထီးနဲ့ စစ်ဗိုလ်ရဲ့ရုပ်အလောင်းကို ဩဂုတ် ၉ ရက်က ကျောက်နီမော်ရွာသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
ဩဂုတ်လ ၈ ရက် မနက်ပိုင်းမှာပဲ လောင်းလုံးမြို့ပေါ်မှာ စစ်ကား ၂ စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးတာကတော့ မသိရသေးပါဘူး။
အခုလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရေကြောင်းနဲ့ ကင်းလာလှည့်ခဲ့ပြီး ဩဂုတ် ၁၁ ရက်အထိတော့ စစ်ကြောင်းထိုးထားမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံး ပကဖ ကတော့ မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။