ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်၊ ဝှေခါကျေးရွာအနီး တောတနေရာမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးငယ်တဦးရဲ့ အလောင်းကို သြဂုတ် ၁၀ ရက် ညနေပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့အသိမိတ်ဆွေ ဒေသခံတဦက “ကက်သလစ်အသင်းတော်ရဲ့ ဆုတောင်းကုန်းဘက်က တောထဲမှာ တွေ့တာ။ သူငယ်ချင်းအိမ် သွားမယ်ဆိုပြီး ပြန်မရောက်တာ ဟုတ်တယ်။ အသတ်ခံရတာပါ” လို့ ပြောပါတယ်။
လည်ပင်းနဲ့ နားအောက် နှစ်ဖက်စလုံးမှာ ထိုးသွင်းဒဏ်ရာလေးချက် တွေ့ရပြီး လူမှုကူညီရေးအသင်းက လာကောက်ပေးသွားကြောင်းလည်း ဆိုပါတယ်။
အသက် ၂၀ ကျော်အရွယ် သေဆုံးသူ အမျိုးသမီးဟာ ဝှေခါကျေးရွာအုပ်စုတွင်းက ဂျမ်ဂါကျေးရွာမှာ မိသားစုနဲ့နေထိုင်သူ မကေသွယ်ဦးလို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းမှော် ကျောက်ပွဲစား စျေးတန်း လူပြတ်တဲ့နေရာတင်မက လူသွားလူလာများတဲ့ လူမြင်ကွင်း နေ့ခင်း ရှင်းရှင်းလင်းလင်း အချိန်မှာတောင် လုယက် သတ်ဖြတ်နေတာမျိုး ရှိနေပြီး မြင်တွေ့သူတွေလည်း မကူညီရဲကြတဲ့ အနေအထားမျိုး ဖြစ်နေခဲ့ကြောင်း ကြုံတွေ့သူတွေက ပြောပါတယ်။
အခုနှစ်အတွင်း ဝှေခါကျေးရွာမှာ သတ်ဖြတ်ခံတဲ့ဖြစ်စဥ် ၂ ခုရှိခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။
သတ်ဖြတ်ခံရသူတွေက လူမှား သတ်ခံရတဲ့သူတွေလည်း ရှိသလို လုယက်ခံရရင်း သေဆုံးသူတွေ၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူတွေလည်း ပါဝင်ပြီး သတ်ဖြတ်သူတွေက ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေ ဖြစ်ကြတယ် ဆိုတာကို သိရှိဖော်ထုတ်အရေးယူနိုင်တာ မရှိပါဘူး။