မျိုးသုဉ်းတော့မယ့် တောရိုင်းတိရစ္ဆာန်တွေ အပါအဝင် ရှားပါးတိရစ္ဆာန်မျိုးစိတ် ရှိနေသေးတဲ့ တောတခုဖြစ်တဲ့ ထီးသိုးခီးတောကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ ဒူသထူ(သထုံ)ခရိုင်က တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင်အရင်းအမြစ်၊ ရှားပါးနဲ့ မျိုးသုဥ်းဖို့အန္တရာယ်ရှိတဲ့ မျိုးစိတ်တွေကို ကာကွယ်ဖို့နဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေမှာ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေကို ပျက်စီးစေတဲ့ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဟန့်တားဖို့ ရည်ရွယ်ပြီး ဇူလိုင် ၂၈ ရက် ရက်စွဲနဲ့ ထီးသိုးခီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို အတည်ပြု ကြေညာလိုက်တာ ဖြစ်ပါတယ်။
ထီးသိုးခီး သစ်တောနယ်မြေဟာ ဘီးလင်းမြို့နယ်အတွင်းမှာ တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ဧက ၃,၃၆၀ ရှိပါတယ်။
အဲဒီ တောတွင်းနဲ့ အနီးတဝိုက်က ကျေးရွာတွေကိုလည်း ထီးသိုးခီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနဲ့ပတ်သက်ပြီး ဒေသနေ ပြည်သူတွေကို ပညာပေးတာ၊ ထိန်းသိမ်းရေးအတွက် လုပ်ဆောင်တာတွေကိုလည်း လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းလောက်က စတင်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒူသထူခရိုင် ကော်သူးလေ သစ်တောဌာန (KFD) နဲ့ အသိုင်းအဝိုင်းတွေဟာ ထိခိုက်လွယ်တဲ့ တိရစ္ဆာန်မျိုးစိတ်များစွာ ခိုလှုံရာ ပထမဆုံး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ပထမဆုံး ကြေညာတာဖြစ်ပါတယ်။
အဲဒီဘေးမဲ့တောမှာ ဂေါင်အာရ် (ခေါ်) နွားရိုင်းကြီးတွေ၊ ကျားသစ်တွေ၊ အကွက်အပြောက်ကြီးတခု ပါရှိတဲ့ တိမ်တိုက်ကျားသစ်တွေ၊ မာဘယ်လ်ကြောင်လို့ ခေါ်တဲ့ အရောင်တောက် အမြီးရှည်ကြောင်တွေ၊ ဝက်ဝံတွေ၊ ဆမ်ဘာသမင်တွေ၊ ကြောင်ကတိုးတွေ၊ ဥဒေါင်းငှက်တွေ၊ ဘင်္ဂေါမျောက်ဝံတွေ၊ ရှဉ့်နက်တွေ၊ မျောက်တွေနဲ့ တခြားမျိုးစိတ်များစွာ ထီးသိုးခီးတောမှာ ရှိနေကြာင်းလည်း ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) က ထုတ်ပြန်ထားပါတယ်။