မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က သြဂုတ် ၉ ရက် မနက်ပိုင်းမှာ ပြည်သူတွေထံကနေ တအိမ်ကို ငွေ ၃၀,၀၀၀ ကျပ်နှုန်း အတင်းအဓမ္မ တောင်းယူခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်မြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကုလား အပါအဝင် စစ်ကောင်စီတပ်သား ၈ ယောက်လောက်ဟာ သြဂုတ် ၉ ရက် မနက် ၈ နာရီလောက်မှာ ငှက်ပျောတွင်းကျေးရွာအစွန်ကို မူးရူးရောက်ရှိလာပြီး အိမ်ခြေ ၁၅ အိမ်လောက်ကို သူတို့ရိက္ခာအတွက် တအိမ်ကို ၃၀,၀၀၀ ကျပ်စီ အတင်းအဓမ္မ ခြိမ်းခြောက်တောင်းယူသွားကြတယ်လို့ ငှက်ပျောတွင်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်တို့ရွာမှာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်း မရှိတာကြောင့် ရွာထဲအထိ မဝင်ရဲကြဘဲ ရွာအစပ်မှာရှိတဲ့ နေအိမ် ၁၅ အိမ်လောက်က တအိမ်ကို ငွေ ၃၀,၀၀၀ ကျပ်စီ အတင်းအဓမ္မ တောင်းသွားကြတာ။ စစ်(...)တွေက ပြည်သူလူထုအပေါ်မှာ အရက်သေစာ သောက်စားမူးယစ် ရမ်းကားပြီး သေနတ်တွေနဲ့ချိန်ပြီး ခြိမ်းခြောက်တာကြောင့် ပိုက်ဆံမရှိတဲ့ သူတွေကလည်း ကြောက်လန့်ပြီး မရှိရှိတဲ့ ရွှေတိုငွေစတွေကို ချွတ်ပေးလိုက်ရတယ်။”
စစ်တပ်ဟာ ပြည်သူလူထုကို ကာကွယ်ပေးရမယ့်အစား လက်နက်အားကိုးနဲ့ ဓားပြဆန်ဆန် ငွေတောင်းတဲ့လုပ်ရပ်ဟာ စက်ဆုတ်ရွံ့ရှာစရာကောင်းပြီး လူ့အခွင့်ရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်က ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ကြသလို ပြည်သူတွေရဲ့ ငွေကြေး၊ အဖိုးတန်ပစ္စည်းတွေကို အဓမ္မယူဆောင်ကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။