စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေက မွှန်ထာရွာက ဒေသခံအမျိုးသားတဦးကို ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၀ ရက် မနက် ၁၀ နာရီဝန်းကျင်က အလုပ်ကနေ ဆိုင်ကယ်စီးပြန်လာတဲ့ အမျိုးသား ၂ ဦးဟာ စစ်ကောင်စီစစ်ဆေးရေး လုပ်နေတာနဲ့ တွေ့တာကြောင့် ပြန်လှည့်ပြေးတဲ့အချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ကလေးမြို့ခံတဦးက “ကလေးမြို့မှာက ယောက်ျားလေး ၂ ယောက်မစီးရ အမိန့်ထုတ်ထားတော့ ကြောက်လို့ ပြန်လှည့်တာ ဖြစ်နိုင်တယ်။ သူတို့က ဝန်ထမ်းအိမ်ရာမှာ ပန်းရံလုပ်နေတဲ့ အရပ်သားတွေပါ။ ပြန်လှည့်တာကို မြင်တဲ့ စစ်သားတွေက ပစ်သတ်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် မွှန်ထာရွာက အသက် ၂၈ နှစ်အရွယ် ဆလိုင်း ကျုံးလျန်ဘိခ် ပွဲချင်းပြီး သေဆုံးသွားပြီး နောက်အမျိုးသားတဦးက လက်မှာ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်သားတွေက ကလေးမြို့တွင်း နေရာအနှံ့အပြားမှာ ကင်းပုန်းချ စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။
ဩဂုတ် ၃ ရက်ကလည်း တောင်ဖီလာရပ်ကွက်၊ ဂေါက်ကွင်းလမ်း၊ အထက ၂ စာသင်ကျောင်းရှေ့မှာ စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲခံရပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။