Home
မြန်မာသတင်း
ဂန့်ဂေါတွင် စစ်တပ်က အမျိုးသား ၂ ဦးကို ပစ်သတ်ပြီး အရပ်သားအချို့အား ဖမ်းဆီး
DVB
·
August 11, 2023
Gant Gaw FiredBySAC 11082023
Gant Gaw

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်‌ဂန့်ဂေါရွာမှာ ‌စစ်‌ကောင်စီက ဒေသခံ အမျိုးသား ၂ ဦးကို ပစ်သတ်ခဲ့ပြီး အရပ်သားတချို့ကို ဖမ်းဆီးထားကာ နေအိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၀ ရက် နေ့လယ်က မြင်းဇာရွာသားနဲ့ မန်းကျည်းခင်ရွာသား ၂ ဦးဟာ အနောက်ဂန့်ဂေါရွာကို လာစဉ် စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရကာ အနောက်ဂန့်ဂေါရွာသား ကိုဝေဇင်အောင် အပါအဝင် အရပ်သား ၅ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

အနောက်ဂန့်ဂေါရွာခံတဦးက “ရွာက အသက်ကြီးပိုင်းတွေကတော့ ရွာမှာပဲ အိမ်ထဲနေကြတာများတယ်။ လူငယ် လူလတ်ပိုင်း‌တွေပဲ‌ ပြေးကြတာ။ ဝေဇင်အောင်ကတော့ လူလည်းဖမ်းခံရ၊ အိမ်လည်း မီးရှို့ခံရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ အနောက်ဂန့်ဂေါရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ဒေသခံ ၁,၅၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက သြဂုတ် ၉ ရက်ကစပြီး အနောက်ဂန့်ဂေါဘက်ကို စစ်ကြောင်းထိုးလာကာ အင်အားအများအပြားနဲ့ ကင်းပုန်းတွေချထားတာကြောင့် စစ်ကြောင်းရှိရာအနီးကို ကပ်လို့မရတဲ့ အနေအထား ဖြစ်နေတယ်လို့ ဂန့်ဂေါနယ် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်ကလည်း ဂန့်ဂေါမြို့ အ‌ေမြာက်တပ်အနီးက ပြည့်မရွာစာသင်‌ကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီပူး‌ပေါင်းတပ်‌‌တွေကို CDF-KKG ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024