တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိရာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က ဩဂုတ် ၈ ရက်ကစပြီး အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်း ၃ ထိုးပြီး ရွာသားတွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဩဂုတ် ၈ ရက်မှာ ခမောင်းချောင်းရွာသား ၃ ယောက်အပါအဝင် တခြားအနီး ပတ်ဝန်းကျင်ကျေးရွာတွေက အသက် ၂၀ ကနေ ၆၀ အကြား ရွာသား ၁၀ ယောက်ကျော်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက "ရာဘာတောတွေထဲအထိ လိုက်ဖမ်းပြီး လူသားဒိုင်းလုပ်တာနဲ့ လက်နက်ကြီးပစ်ခတ်တာ နေ့တိုင်းနီးပါး လုပ်နေတယ် " လို့ ပြောပါတယ်။
ခမောင်းချောင်းရွာ၊ ဧကနိရွာ၊ ရငဲရွာ၊ ကုန်သာယာအင်းရွာတွေမှာ စစ်ကောင်စီတပ်က ဩဂုတ် ၁၀ ရက်နေ့အထိ ဝင်ရောက်လာပြီး နေအိမ်တွေကို ဖွင့်ကာ ပစ္စည်းတွေ ခိုးယူဖျက်ဆီးသွားတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းဝင်လာတဲ့ရက်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့သိရပြီး ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
နဘုလယ်ဒေသခံတွေဟာ ဇူလိုင် ၁၂ ရက် စစ်ကောင်စီစစ်ကြောင်း စဝင်လာကတည်းက စစ်ရှောင်နေရပြီး အခုတဖန် စစ်ကြောင်းပြန်ထိုးလာတာကြောင့် စစ်ဘေးရှောင်အရေအတွက်ဟာ ဇူလိုင်လကထက် ပိုများလာနိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အရေးပေါ်ဆန်အလှူကမ်ပိန်းက တပ်ပေါင်းစုသပိတ်ကော်မတီ တာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
ဇူလိုင်လအတွင်း ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးစဥ်ကလည်း ရွာသားတွေ လူသားဒိုင်းအဖြစ် အဖမ်းခံရပြီး ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသလို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ရဲဘော် ၅ ဦးကျဆုံးခဲ့ပါတယ်။