ရန်ကုန်မြို့မှာ နေအိမ်၊ တိုက်ခန်းနဲ့ အဆောင်ငှားရမ်းခတွေ ဈေးတက်လာတာကြောင့် ငှားရမ်းနေထိုင်သူတွေ အခက်တွေ့နေကြရတယ်လို့ ကာယကံရှင်တွေထံက သိရပါတယ်။
အိမ်၊ တိုက်ခန်းနဲ့ အဆောင်ငှားရမ်းခတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတည်းက စျေးတင်လာကြတာဖြစ်ပြီး အသစ်ငှားသူတွေအနေနဲ့ အဲဒီရိုက်ခတ်မှုကို စတင်ကြုံနေကြရတယ်လို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ငှားတဦးက “အိမ်ရှင်က စာချုပ်ပြည့်ရင် စျေးတက်မယ်ဆိုပြီး လာပြောတယ်။ လမ်းထဲက တခြားအခန်းတွေလည်း စျေးတွေတက်ကုန်တယ်။ နှစ်သောင်းတန်ပိုက်ဆံက မွှေလိုက်တာ ကိစ္စ” လို့ ပြောပါတယ်။
အခန်းခတွေကို ပိုင်ရှင်ကိုယ်တိုင်က စျေးထပ်တင်တာရှိသလို ပွဲစားတချို့ရဲ့ စျေးကစားမှုကြောင့် စျေးနှုန်းပြောင်းကုန်တာတွေလည်း ရှိတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှ တိုက်ခန်းဝယ်/ငှား အကျိုးဆောင်တဦးက ဆိုပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့ရှိ တိုက်ခန်းငှားခတွေဟာ အထပ်အမြင့်နဲ့ အခန်းအနေအထားပေါ် မူတည်ပြီး စျေးတက်သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စက်မှုဇုန်ဝန်းကျင်ရှိ အဆောင်တချို့ကလည်း စက်ရုံတချို့က ဒေးကြေး ၅,၆၀၀ ကျပ် တိုးပေးလာတာ၊ ငွေစျေးမငြိမ်သက်တာတွေ အကြောင်းပြုပြီး စျေးတက်လာတာတွေ ရှိတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
ရွှေပြည်သာမြို့နယ်မှ အဆောင်ငှားနေတဲ့ အထည်ချုပ်စက်ရုံလုပ်သားတဦးက “အဆောင်အကုန်လုံးတော့ မဟုတ်ဘူး။ တချို့အဆောင်ပိုင်ရှင်တွေက အလုပ်သမားတွေ အဆင်မပြေတာကို နားလည်တယ်။ တချို့ကတော့ ငါးထောင်၊ တသောင်း တိုးလိုက်တာတွေ ရှိတယ်” လို့ ပြောပါတယ်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ရန်ကုန်မြို့အတွင်း အိမ်၊ တိုက်ခန်းနဲ့ မြေစျေးတွေလည်း စျေးကွက်ပျက်နေပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ်စျေး ဖြစ်နေတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။
ဒါ့အပြင် စားသောက်ကုန်စျေးနှုန်းလည်း ဆက်တိုက်မြင့်တက်နေကာ မြို့နယ်တချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့က စျေးတင်ရောင်းချတာတွေ မလုပ်ဖို့ အသံချဲ့စက်နဲ့ လိုက်အော် သတိပေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလကလည်း ဝန်ထမ်းတွေ လစာတိုးမယ်ဆိုတဲ့ ကောလာဟလကြောင့် စက်ရုံအလုပ်ရုံ အများအပြားရှိတဲ့ မြို့နယ်တွေက အဆောင်ခ၊ အိမ်ငှားခတွေပါ ဈေးတက်ခဲ့ပါတယ်။